ယင်းမာပင်မှာပြုလုပ်တဲ့ ရွေးကောက်ပွဲဆန့်ကျင်ရေးနဲ့ ဦးကျော်မိုးထွန်းကိုထောက်ခံတဲ့ လူထုလှုပ်ရှားမှု

0 5
0 5

ယင်းမာပင်၊ အောက်တိုဘာ ၂၇၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲမှာ ယင်းမာပင်မြို့နယ် သပိတ်အင်အားစုကဦးဆောင်ပြီး စစ်ကော်မရှင်က ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တယ်လို့ သပိတ်ကော်မတီဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

အောက်တိုဘာ ၂၇ ရက်မှာ သပိတ်အင်အားစုပူးပေါင်းအဖွဲ့တွေနဲ့ ဒေသခံတွေပူးပေါင်းပြီး တော်လှန်ရေးပိုစတာတွေကိုင်ဆောင်ကာ လှုပ်ရှားမှုပြုလုပ်ခဲ့ကြတာပါ။

“လတ်တလောမှာတော့ နေ့စဉ်ပုံမှန်ထွက်နေတာတော့ ၃ ဖွဲ့၊ ၄ ဖွဲ့လောက်တော့ ရှိတယ်ပေါ့၊ အဲ့ဒီထဲမှာမှ ပါနေတဲ့အင်အားစုတွေအကုန် စုပေါင်းပြီးတော့ တပ်ပေါင်းစုလို ပုံစံမျိုးကတော့ ၁လ ၁ကြိမ်သော်လည်းကောင်း၊ ၁လ ၂ကြိမ်သော်လည်းကောင်း လှုပ်ရှားဖြစ်ပါတယ်။”လို့ အထက်ပါသပိတ်ကော်မတီဝင်က ပြောပါတယ်။

အလားတူ ကုလသမဂ္ဂမှာ ပြည်သူလူထုရဲ့ အသံအစစ်အမှန်ကို ချပြနိုင်ရေးအတွက် သံအမတ်ကြီး ဦးကျော်မိုးထွန်း နေရာပြန်ရရေး လှုပ်ရှားမှုတွေကိုလည်း အဆိုပါ ရွေးကောက်ပွဲဆန့်ကျင်ရေးသပိတ်တွေမှာ တပါတည်း လှုပ်ရှားနေကြောင်း အထက်ပါ သပိတ်ကော်မတီဝင်က ပြောပါတယ်။

“သံတမန်ရေးအရ ကုလသမဂ္ဂမှာ ပြည်သူလူထုရဲ့ စစ်မှန်တဲ့အသံတွေကို ကုလသမဂ္ဂမှာ ချပြနိုင်ဖို့ပေါ့။ ဦးကျော်မိုးထွန်းသာ နေရာပြန်မရဘဲနဲ့ စစ်ကောင်စီဖက်က အဲ့ဒီနေရာကို ရသွားမယ်ဆိုရင် တကယ့်ပြည်သူလူထုခံနေရတဲ့ ဒုက္ခသုက္ခနဲ့ အခြေအနေ အစစ်အမှန်ကို ကုလသမဂ္ဂမှာ တင်ပြနိုင်ခြင်း မရှိဘဲနဲ့ စစ်ကောင်စီရဲ့ အတုအယောင် အလိမ်အညာ သတင်းတွေကိုပဲ ကုလသမဂ္ဂမှာ ရောက်ရှိသွားမှာပေါ့လေ၊ ဒါကြောင့် ကျနော်တို့ တော်လှန်ရေးအနေနဲ့ရော ပြည်သူလူထုအတွက်က ဦးကျော်မိုးထွန်းသည် ကုလသမဂ္ဂမှာ နေရာပြန်လည် ရရှိရေးက အရမ်းအရေးကြီးတဲ့ အခြေအနေဖြစ်တယ်။” လို့ သူက ပြောပါတယ်။

ယင်းမာပင်မြို့နယ် သပိတ်အင်အားစုမှာတော့ ရွှေနွယ်သွေး သပိတ်စစ်ကြောင်း၊ အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်စစ်ကြောင်း၊ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်း၊ နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းတွေ အပါအဝင် သပိတ်ကော်မတီ ၁၅ ခုနဲ့ ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။