မွန်တာ မုန်တိုင်းအရှိန်ကြောင့် ရုတ်တရက် ရေကြီး၊ မြေပြိုနိုင်ဟု မိုးဇလသတိပေး

0 3
0 3

မြေလတ်အသံ၊ အောက်တိုဘာ ၂၇၊ ၂၀၂၅။

မွန်တာ (MONTHA) ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် ပဲခူး၊ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ်တချို့မှာ မိုးထစ်ချုံးရွာပြီး ရေကြီး၊ မြေပြိုတာတွေဖြစ်နိုင်တယ်လို့ အောက်တိုဘာ ၂၇ ရက် ဒီကနေ့မှာ မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနက အသိပေးထုတ်ပြန်ပါတယ်။

မုန်တိုင်းအရှိန်ကြောင့် ဒီနေ့ညနေမှ အောက်တိုဘာ ၂၈ ရက်အတွင်း ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီတိုင်း၊ မွန်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကျဲကျဲမှနေရာစိပ်စိပ်၊ နေပြည်တော်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်းနဲ့ ကချင်၊ ကယား၊ ချင်းနဲ့ ရှမ်းပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတလျောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါမိုးသက်လေပြင်းကျကာ လှိုင်းကြီးနိုင်ပြီး မိုးသက်လေပြင်းကျစဥ် ရေပြင်၊ မြေပြင်လေက ၁ နာရီကို မိုင် ၃၀ မှ ၃၅ အထိတိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။

အလားတူ မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာတာနဲ့အတူ လေပြင်းတိုက်တာ၊ ရုတ်တရက်ရေကြီးတာ၊ မြေပြိုတာ စတဲ့ သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသအနီး နေထိုင်သူတွေ၊ မြစ်ငယ်၊ ချောင်းငယ်တွေအနီး နေထိုင်သူတွေသတိပြုကြဖို့လည်း အသိပေးထားပါတယ်။

အဆိုပါမုန်တိုင်းရဲ့ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားမယ်အခြေအနေမရှိတဲ့အတွက် အဝါရောင်အဆင့်သတ်မှတ်ထားတယ်လို့ ဖော်ပြပါတယ်။

ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနဲ့ ၎င်းနဲ့ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မွန်တာမုန်တိုင်းဟာ ကိုကိုးကျွန်းမြို့ရဲ့ အနောက်တောင်ဘက် ရေမိုင် ၅၃၀ ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ရဲ့ အရှေ့ဘက် ရေမိုင် ၂၄၀ ခန့်၊ ကာကီနာဒါမြို့ရဲ့ အရှေ့တောင်ဘက် ရေမိုင် ၂၆၀ မိုင်ခန့်အကွာ ပင်လယ်ပြင် မှာ ဗဟိုပြုနေတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။