11 July 2026 12:31 PM

PDF တွေကိုတိမ်းရှောင်နေတဲ့ စစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးသေဆုံး

0 39
0 39

ညောင်ဦး၊ အောက်တိုဘာ ၁၇၊ ၂၀၂၅။

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ထီးပုကျေးရွာမှာ ဘီယာဆိုင်ထိုင်နေတဲ့ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးသေဆုံးသွားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။

ပစ်ခတ်ခံရသူဟာ အသက် ၅၀ ကျော်အရွယ်ရှိ ဦးသိန်းပိုဆိုသူဖြစ်ပြီး အောက်တိုဘာ ၁၆ ရက် ညနေ ၄ နာရီခန့်မှာ ကျေးရွာအတွင်းက ဘီယာဆိုင်မှာရှိနေချိန်ပစ်ခတ်ခံရကာ ခေါင်းကိုကျည်ထိမှန်သေဆုံးခဲ့တာလို့ ဆိုပါတယ်။

“ဘီယာဆိုင်မှာဖြစ်တာ။ ဆိုင်မှာတော့ လူများတယ်။ သူ့အဖော် နောက်လိုက်တယောက်ပါတယ်။ သူ့အဖော်တော့ လွတ်သွားတယ်။ အုပ်ကြီးက အပြင်ပြေးထွက်ချိန်မှာ ပစ်ခံရတာ”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ဦးသိန်းပိုမှာ ပြည်သူစစ်မှုထမ်းဖမ်းဆီးတာ၊ ငွေကောက်ခံရာတွေမှာပါဝင်ပြီး PDF အဖွဲ့တွေက လိုက်ရှာနေတယ်ဆိုတဲ့ သတင်းကြောင့် ကျေးရွာကနေထွက်ပြေးပြီး မြို့မှာတိမ်းရှောင်နေထိုင်နေကာ ရွာပြန်ရောက်တာလပိုင်းသာရှိသေးတယ်လို့ သိရပါတယ်။

အဆိုပါပစ်ခတ်မှုကိုတော့ ဘယ်အဖွဲ့အစည်းက ပြုလုပ်တယ်ဆိုတာ သတင်းထုတ်ပြန်တာမရှိသေးဘဲ ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း စစ်ကော်မရှင်အဖွဲ့တွေလာရောက်စစ်ဆေးကာ အလောင်းကို ညောင်ဦးဆေးရုံကို သယ်သွားတယ်လို့ သိရပါတယ်။

ဇူလိုင် ၃၁ ရက်ကလည်း ညောင်ဦးမြို့နယ်၊ ငါးသရောက်မြို့၊ ဆည်ရွာနေ မူလတန်းပြဆရာမ ၁ ဦးဟာ စစ်ကောင်စီသတင်းပေးဒလန်လုပ်နေတယ်ဆိုပြီး ပစ်သတ်ခံရလို့ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။