12 July 2026 6:29 AM

သပိတ်ကျင်းမှာ စစ်ကောင်စီကားနှစ်စီး တရက်တည်း ၂ ကြိမ်မိုင်းဆွဲခံရ

0 2
0 2

ပေါင်းတည်၊ ဧပြီ ၁၂၊ ၂၀၂၃။

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ကနေ စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီ ၁၂ ဘီးကား ၂ စီးကို တကောင်း-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဧပြီလ ၁၂ ရက်ဒီကနေ့ တရက်တည်းမှာတင် မိုင်း ၂ ကြိမ်ဆွဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

သပိတ်ကျင်းမြို့နယ်၊ အင်းနက်ရွာက ထွက်လာတဲ့ အဲ့ဒီကားတွေကို လေးမိုင်ရွာနဲ့ ခြောက်မိုင်ရွာကြားနဲ့ နောင်လုံတံတားအနီးမှာတကြိမ်စီ မနက် ၅ နာရီကျော်လောက်က ဆက်တိုက်ဆိုသလို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေ များခဲ့တယ်လို့ တကောင်း-ပကဖ သတင်းတာဝန်ခံက ပြောပါတယ်။

“ကျနော်တို့က သတင်းရလို့ မိုင်းထောင်စောင့်နေတာ၊ ပထမတခါ မိုင်းသုံးလုံးဆင့် ဆွဲတော့ နောက်ကားကဖင်ရမ်းခါသွားတယ်။ ဒုတိယအကြိမ် ထပ်ဆွဲတော့ ရှေ့ကားခေါင်းပိုင်း တည့်တည့်ထိပြီး မီးလောင်တယ်။ အဲ့အချိန်မှာ ကျန်တဲ့ စစ်သားတွေက ကားပေါ်က ခုန်ချပြီးတော့ ညောင်ကုန်းရွာထဲဝင်ပြေးတယ်။ စစ်သား ၁၅ ယောက် သေတယ်။ ၅ ယောက်က ခြေလက်တွေပြတ် ဖြစ်ကုန်တယ်” လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးသူ အရေအတွက်ကို ဒေသခံတချို့ရဲ့ သတင်းပေးချက်အရ အတည်ပြုနိုင်ခဲ့တာလို့ပြောပေမယ့် မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

မိုင်းဆွဲခံရလို့ သေဆုံးဒဏ်ရာရ စစ်သားတွေကို လူနာတင်ကား သုံးစီးနဲ့တင်ကာ တကောင်းမြို့ဘက်ကို ထွက်သွားပြီး၊ ခေါင်းပိုင်းပျက်စီးသွားတဲ့ကားကိုတော့ စစ်ကောင်စီဘက်က တခြားကားနဲ့ ပြန်ဆွဲသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်ကလည်း တကောင်းမြို့အနီး ညောင်ကုန်းကျေးရွာမှာ တကောင်း ပကဖ၊ ABSDF၊ လျှပ်စီးပြောက်ကျားတပ်ဖွဲ့ (ရပ်ကျေးပကဖ) နဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး၊ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။