စစ်အုပ်စုပစ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်လို့ ၁၂ နှစ်အရွယ် ကလေးငယ်တဦး သေဆုံး

0 1
0 1

ယင်းမာပင်၊ ဧပြီ ၁၂၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရွှေပေကုန်းရွာက နေအိမ်တလုံးပေါ်ကို ဧပြီလ ၁၂ ရက် ဒီမနက်အစောပိုင်းက စစ်ကောင်စီလက်အောက်ခံ ရဲတပ်ရင်းကပစ်တဲ့ လက်နက်ကြီးကျည် ကျရောက်ခဲ့လို့ အသက် ၁၂ အရွယ် မိန်းကလေးငယ် ၁ ဦး သေဆုံးပြီး အဖွားဖြစ်သူလည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မုံရွာ-ပုသိမ်ကားမကြီးဘေးမှာရှိတဲ့ ကြေးနီထုတ်တရုတ်ကုမ္မဏီတွေကို ကင်းစောင့်ပေးနေတဲ့ အမှတ် ၂၈ ရဲတပ်ရင်းက ဒီနေ့မနက် ၁ နာရီလောက်မှာ ပစ်ခတ်တဲ့ကျည် ကျရောက်ခဲ့တာလို့ ဆိုပါတယ်။

“ရဲတွေဘက်က လက်နက်ကြီး ၄ လုံးပစ်တာကို ရွာထဲကျတဲ့ ၂ လုံးထဲက ၁ လုံးက လူနေအိမ်ပေါ်ကိုကျပြီး ကလေးမလေးပွဲချင်းပြီး သေတာ၊ သူရဲ့အဘွားလည်း ဒဏ်ရာရသွားတယ်” လို့ အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် (DRPA-Anti-Dictatorship Revolution People’s Army) အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

DRPAအဖွဲ့က ကန့်ဘလူအတွက် လက်စားချေတဲ့အနေနဲ့ ဧပြီလ ၁၁ ရက်ညအချိန်မှာ တရုတ်ကုမ္ပဏီစောင့် အမှတ် ၂၈ ရဲတပ်ရင်းကို လက်နက်ကြီး အသုံးပြု တိုက်ခိုက်ရာမှာ ရဲတပ်ရင်းကနေ ၆၀ မမ၊ ၁၂၀ မမ လက်နက်ကြီးနဲ့ ၄ ချက် ပြန်ပစ်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတွေပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ရွှေပေကုန်းရွာထဲ ကျရောက်တဲ့အတွက် အသက် ၈၀ အရွယ်အဘွား ဒေါ်သိန်းညွှန့်ဒဏ်ရာရကာ မြေးဖြစ်သူ အသက်၁၂ နှစ်အရွယ် မပီတီ သေဆုံးသွားခဲ့ပါတယ်။

သေဆုံးသွားခဲ့တဲ့ မပီတီ ရုပ်အလောင်းကို ဒီနေ့မနက်မှာပဲ သဂြိုဟ်ခဲ့တယ်လို့ ယင်းမာပင် သတင်းမှန်ပြန်ကြားရေးရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“အိမ်ထဲမှာ သူတို့မြေးဖွား ၃ ယောက် အိမ်နေတယ်။ လက်နက်ကြီး သူတို့အိမ်ထဲကျတော့ အလတ်မက အူထွက်ပြီး ဆုံးသွားတယ်။ သူ့အဖွားက ဒဏ်ရာရသွားတယ်။ ဆေးရုံတင်ထားရတယ်။ အခုချိန်ထိတော့ ဘာမှမကြားရသေးဘူး။ အကြီးမတော့ ဘာမှမဖြစ်ဘူး။ သူတို့အိမ်မီးဖိုချောင်ကတော့ လုံးဝကို ပျက်စီးသွားတယ်” လို့ ဒေသခံတဦးက ဆိုပါတယ်။

တရုတ်ကုမ္ပဏီစောင့် အမှတ် ၂၈ ရဲတပ်ရင်းဟာ ဒေသတွင်းသွားလာနေတဲ့ လုပ်ငန်းသုံးကာ၊ လူစီးဧည့်သည်ကားတွေဆီကနေ ငွေကြေးတောင်းခံတာမျိုးတွေလည်း ရှိပြီး ဧပြီလ ၁၁ ရက် မနေ့ ည ၇ နာရီလောက်ကလည်း မုံရွာ-ပုသိမ်ကားလမ်းပေါ်မှာ ဆိုင်ကယ်စီးလာတဲ့ လူငယ်တဦးကို အကြောင်းမဲ့ သေနတ်နဲ့ပစ်ခဲ့လို့ ယာဘက်ပေါင်ကျည်ထိမှန်ပြီး ပြင်းထန်ဒါဏ်ရာ ရရှိခဲ့တယ်လို့လည်း ယင်းမာပင်သတင်းမှန် ပြန်ကြားရေးထုတ်ပြန်ချက်က ဆိုပါတယ်။

အဲဒီရဲတပ်ရင်းဟာ အမည်ခံသာဖြစ်ပြီး စစ်သားတွေ၊ ပျူစောထီးတွေနဲ့ ရဲတွေစုပေါင်းထားတဲ့ စုပေါင်းစခန်းသာဖြစ်တယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

စာတည်း – လင်းဇေ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။