12 July 2026 6:26 AM

ပေါင်းတည်မှာ စစ်ကောင်စီကလယ်သမား ၇ ဦးကိုဖမ်းပြီး ချေးငွေဆပ်ခိုင်း

0 5
0 5

ပေါင်းတည်၊ မတ် ၂၄၊ ၂၀၂၃။

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့မှာ စစ်ကောင်စီက လယ်သမား ၇ ဦးကို ဖမ်းဆီးကာ စိုက်ပျိုးစရိတ်ချေးငွေ အဓမ္မဆပ်ခိုင်းခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပေါင်းတည်မြို့နယ်၊ ထန်းသုံးခွအုပ်စု ထန်းသုံးခွရွာက ဒေသခံလယ်သမားတွေဖြစ်ပြီး ၁၉ ရက်ညက ပေါင်းတည်ရဲစခန်းအချုပ်ထဲထည့်ကာ ချေးငွေဆပ်ပြီးမှ ပြန်လွှတ်ပေးတာလို့ အုပ်ချုပ်ရေးမှူးနဲ့ နီးစပ်သူဆီက သိပါတယ်။

“ညနေပိုင်းဖမ်းသွားတာ ချေးငွေမဆပ်ရင် ပြန်မလွှတ်ဘူးဆိုလို့ အကုန်လုံးချေးငွေဆပ်ပြီး ပေါင်းတည်အချုပ်ထဲ တညအိပ်စေပြီး ချေးငွေဆပ်မှ ပြန်လွှတ်ပေးတာ” လို့ ပြောပါတယ်။

ပေါင်းတည်မြို့နယ်၊ မဲခေါင်းအုပ်စု၊ ကြို့ပင်သာအုပ်စုနဲ့သပြေကြီးစုအုပ်စုက လယ်သမားတွေကိုလည်း လာမယ့်မတ်လ ၂၇ ရက်နေ့ ပေးဆပ်ရန် ခြိမ်းခြောက်တောင်းဆိုတယ်လို့လည်း ဆိုပါတယ်။

“ချေးငွေတွေ ပြန်ဆပ်ရမယ်ဆိုပြီး လယ်သမားတွေကို ရဲနဲ့လိုက်ခေါ်ပြီး အခုလာမဲ့ မတ်လ ၂၇ ရက်နေ့အပြီး ဆပ်ရမယ်ဆိုပြီး လက်မှတ်ထိုးခိုင်းတယ်။ အဓမ္မတောင်းခံတာပေါ့ဗျာ။ ပေးစရာကတော့ မရှိဘူး” လို့ ဒေသခံလယ်သမားတဦးက ပြောပါတယ်။

လက်ရှိမှာ ရပ်ကျေးစိုက်ဘဏ် အချို့ ကျေးရွာအတွင်း ဖိအားပေးတောင်းခံမှုတွေရှိနေပြီး ခြိမ်းခြောက်မှုတွေလည်း ရှိတယ်လို့ သူကဆက်ပြောပါတယ်။

” မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က စိုက်ပျိုးစရိတ်ချေးငွေအတွက် တဧကကျပ် ၁ သိန်းခွဲနှုန်းနဲ့ ကိုဗစ်ချေးငွေအတွက် တဧကကျပ် ၅ သောင်း ထုတ်ချေးထားပြီး ကျသင့်ဒဏ်တိုးကျပ် ၄ သောင်းခွဲနဲ့ပေါင်းပါက စုစုပေါင်း ၁ ဧကကို ကျပ် ၂ သိန်းခွဲဝန်းကျင် ပေးဆောင်ခိုင်းတာ” လို့ ​ဆိုပါတယ်။

စိုက်ပျိုးစရိတ်ချေးငွေကို လယ် ၁ ဧကကနေ ၁၀ ဧကအထိ လုပ်ကိုင်သူတွေကို ထုတ်ချေးပေးတာဖြစ်တဲ့အတွက် ပေးဆပ်ရမယ့်သူတွေအနေနဲ့လည်း ကျပ် ၂ သိန်းခွဲကနေ ကျပ် ၂၅ သိန်းအထိ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပဲခူးတိုင်းအနောက်ခြမ်းက နတ်တလင်း၊ ကြို့ပင်ကောက်၊ မိုးညိုနဲ့ သာယာဝတီမြို့နယ်တွေမှာလည်း စိုက်ပျိုးစရိတ်ချေးငွေကို အဓမ္မတောင်းခံမှုတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။