အာရက္ခပြည်၊ အောက်တိုဘာ၊ ၃၁ ၊ ၂၀၂၆။
အာရက္ခပြည်၊ စစ်တွေမြို့အနီး တိုက်ပွဲတွေထဲမှာသေဆုံးတဲ့ စစ်ကော်မရှင်တပ်သားတွေထဲမှာ ဗိုလ်မှူးတဦးလည်း ပါဝင်တယ်လို့ သေဆုံးသူရဲ့မိသားစုနဲ့ နီးစပ်သူတဦးဆီက သိရပါတယ်။
သေဆုံးသူဟာ စစ်တက္ကသိုလ် သင်တန်းဆင်း ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့ဇာတိ၊ ဗိုလ်မှူးအောင်ကျော်မိုး(၃၇ နှစ်) ဖြစ်ပြီး တိုက်ပွဲမှာသေဆုံးကြောင်း အောက်တိုဘာ (၂၇) ရက်နေ့ညနေမှာ စစ်တပ်က မိသားစုဆီ အသိပေးခဲ့တာလို့ ဆိုပါတယ်။
“ဗိုလ်မှူးတိုက်ပွဲကျတယ် အလောင်းပြန်မရဘူးလို့ စစ်တပ်ဘက်က မိသားစုဆီ ဖုန်းဆက်ပြောတယ်လို့ပဲ သိရတာ သေပုံသေနည်း အသေးစိတ်မသိရဘူး” လို့ သေဆုံးတဲ့ ဗိုလ်မှူးရဲ့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ဗိုလ်မှူးအောင်ကျော်မိုးဟာ လွန်ခဲ့တဲ့ သုံးလခန့်က ဗိုလ်မှူးရာထူးတိုးကာ ရှမ်းပြည်ကနေ ရခိုင်ပြည်ကို ရောက်ရှိခဲ့တာဖြစ်တဲ့အတွက် စစ်တွေမြို့အနီးက တိုက်ပွဲတွေမှာ သေတာဖြစ်နိုင်ပြီး သေတဲ့ရက်ဟာလည်း အောက်တိုဘာ ၂၆ ရက်နေ့လောက်မှာဖြစ်နိုင်တယ်လို့ သူကဆက်ပြောပါတယ်။
ဗိုလ်မှူးအောင်ကျော်မိုးကို ရည်စူးပြီး လာမယ့်နိုဝင်ဘာ (၂) ရက်မနက်မှာ မိသားစုက ရက်လည်ဆွမ်းသွတ်မှာဖြစ်ပြီး လက်ရှိမှာ ဇနီးနှင့် (၄) နှစ်အရွယ်သမီးတဦး ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။
အာရက္ခပြည် စစ်တွေမြို့နယ်နဲ့ ပေါက်တောမြို့နယ်ကြားက ကစ္ဆပနဒီမြစ်ဝမှာရှိတဲ့ စစ်ရေးအရအရေးပါတဲ့ ငပြီကျွန်းကို အာရက္ခတပ်တော်ကထိန်းချုပ်ထားတဲ့အတွက် စစ်ကော်မရှင်တပ်ကပြန်လှန်ခြေကုပ်ယူနိုင်ဖို့ ကြည်း၊ ရေ၊ လေ အင်အားသုံးကာ တိုက်ခိုက်မှုပြင်းထန်နေတဲ့အတွက် နှစ်ဘက်ထိခိုက်မှုတွေလည်း ရှိနေတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
အာရက္ခပြည်အတွင်းမှာ စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်နေပြီး ဒေသခံပြည်သူတွေသေဆုံးနေရသလို အမ်း-ပဒါန်းလမ်းပေါ်က နတ်ရေကန်ဗျူဟာကုန်းကို ရိက္ခာလာပို့တဲ့ ပါရာမော်တာတစ်စီးကိုလည်း အာရက္ခတပ်တော်က ယမန်နေ့ အောက်တိုဘာလ (၃၀) ရက်နေ့မှာ ပစ်ချသိမ်းဆည်းရမိခဲ့ပါသေးတယ်။


















