27 July 2026 1:43 AM

ကျောက်ပန်းတောင်းမှာ နေအိမ်မီးလောင်မှုဖြစ်ပြီး စိတ်ကျန်းမာရေးကြောင့် သံကြိုးခတ်ခံထားရသူအမျိုးသား သေဆုံး

0 46
0 46

ကျောက်ပန်းတောင်း၊ ဩဂုတ် ၂၆၊ ၂၀၂၅။

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့၊ လွတ်လပ်ရေးရပ်ကွက်၊ မဉ္ဇူသကလမ်းရှိ နေအိမ်တခုမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး စိတ်ကျန်းမာရေးမကောင်းသူအမျိုးသား ၁ ဦး မီးထဲပါသေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူတွေထံက သိရပါတယ်။

မီးလောင်သေဆုံးသူဟာ အသက် ၃၇ နှစ်အရွယ် ကိုအောင်ဖြိုးမင်းဆိုသူဖြစ်ပြီး ဩဂုတ် ၂၅ ရက်ယမန်နေ့ မနက် ၈ နာရီကျော်မှာ သူ့ရဲ့ နေအိမ်မှာ ရှိနေစဥ် မီးခြစ်အသုံးပြုရာကနေ နေအိမ်ထရံကို မီးကူးဆက်လောင်ခဲ့တာလို့ ဆိုပါတယ်။

” သူက စိတ်ကျန်းမာရေးမကောင်းဘူး။ အိမ်က ခဏခဏထွက်ပြေးတာတို့ရှိတော့ သူတို့အိမ်ထဲမှာ သံကြိုးနဲ့ချည်ပြီးထားထားရတယ်။ သူကဆေးလိပ်သောက်တယ်။ မီးခြစ်တွေခဏခဏကိုင်တယ်။အဲ့လိုတွေဖြစ်တာ။အဲ့ဒီအတွက်ကြောင့် သူ့အိမ်ကလူတွေက သူ့ကိုအဲ့လိုလုပ်ထားတာ။ ဖြစ်တဲ့အချိန် အမေလုပ်သူက စျေးသွားနေတဲ့အချိန် မီးခြစ်နဲ့မီးကစားရာကနေ ပါသွားတာ”လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူက မြေလတ်အသံကို ပြောပါတယ်။

မီးလောင်မှုဖြစ်ပွားနေချိန် မိခင်ဖြစ်သူနဲ့ ကျန်အိမ်သားတွေက စျေးနဲ့လုပ်ငန်းခွင်တွေသွားရောက်နေချိန်ဖြစ်ပြီး မီးလောင်တာကြောင့် သွပ်မိုး၊ ထရံကာ နေအိမ်မီးလောင်ပျက်စီးခဲ့ကာ စိတ်ကျန်းမာရေးအခြေအနေကြောင့် နေအိမ်တွင်း သံကြိုးခတ်ထားခံရသူ ကိုအောင်ဖြိုးမင်းလည်း တပါတည်း သေဆုံးသွားတာလို့ သိရပါတယ်။

မီးလောင်ရာနေအိမ်ကို မြို့နယ်မီးသတ်၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ဒေသခံတွေက ဝိုင်းဝန်းမီးငြှိမ်းသတ်ပေးခဲ့လို့ မီးလောင်ပြီး မိနစ် ၃၀ ခန့်မှာ မီးငြိမ်းသွားခဲ့ပြီး သေဆုံးသူကို ဒေသခံလူမှုကူညီရေးအသင်းတွေက ကျောက်ပန်းတောင်းဆေးရုံကို ပို့ဆောင်ပေးခဲ့ကာ ညနေပိုင်းမှာ သင်္ဂြိုဟ်လိုက်တယ်လို့ သိရပါတယ်။

ဇူလိုင် ၁၉ ရက်ကလည်း မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ၃၆ လမ်း၊ ၇၁ နဲ့ ၇၂ လမ်း ကြားရှိ နေအိမ်မှာ Bluetooth Speaker Box အားသွင်းထားရာမှ မီးလောင်မှုဖြစ်ပြီး နေအိမ် ၈ လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။