ငွေကြေးအလွဲသုံးစားမှုကြောင့်ဟုဆိုကာ ကနီပကဖတာဝန်ခံအပါ ၁၃ ဦး ဖမ်းဆီးစစ်ဆေးခံနေရ

0 58
0 58

မြေလတ်အသံ၊ သြဂုတ် ၂၅၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က ပသုံးလုံးတာဝန်ခံတွေအပါအဝင် တခြားဌာနဆိုင်ရာအသီးသီးက တာဝန်ခံ ၁၃ ဦးတို့ကို ဖမ်းဆီးထားပြီး ခုံရုံးနဲ့ ဆက်လက်စစ်ဆေးကာ တရားစွဲဆိုသွားမယ်လို့ ဖြစ်စဉ်ကို သိရှိထားသူတွေဆီက သိရပါတယ်။

သြဂုတ် ၂၄ ရက်နေ့ ည ၉ နာရီကျော်မှာ ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ခံ ဦးအောင်မျိုးမင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ ဦးဝေဖြိုးသန့်၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တာဝန်ခံ ဦးစိုးမင်း၊ မြို့နယ် သယံဇာတ စီမံအုပ်ချုပ်မှုအဖွဲ့တာဝန်ခံ ဦးနိုင်မျိုးဝင်း၊ တိုက်နယ် (၄) ပကဖ တာဝန်ခံ ဦးခင်မောင်မျိုး၊ တိုက်နယ် ၂ ပကဖ တာဝန်ခံ ဦးလှိုင်ဝင်းတို့ ၆ ဦး၊ မြို့နယ်သယံဇာတ အဖွဲ့ဝင် နဲ့ ဂိတ်တာဝန်ခံ ၇ ဦးတို့ ဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။

ဖမ်းဆီးခံရသူ ၁၃ ဦးဟာ ကြားကာလအစိုးရအဖွဲ့ အစည်းအ‌ဝေးဆုံးဖြတ်ချက်အရ ပြည်သူပိုင်ငွေ အလွဲသုံးစားလုပ်ခြင်းမှာပါဝင်ကြောင်း သံသယရှိတာမို့ ဖမ်းဆီးခဲ့တာဖြစ်ပြီး စုံစမ်းစစ်ဆေးရေးခုံရုံးက စစ်ဆေးကာ ရလဒ်အပေါ်မူတည်ပြီး တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။

“မနေ့ည က ၉နာရီလောက် တချိန်တည်းဖမ်းတာပါ။ ကြားကာလ ဗဟိုအုပ်ချုပ်ရေးကော်မတီ ဥက္ကဌ လက်မှတ်နဲ့ဖမ်းတာပါ။ အဂတိကြောင့်လို့သိရတယ်။ အဖမ်းခံရတာမှာ သယံဇာတအဖွဲ့ဝင်တွေ ပါတယ်။ဂိတ်တာဝန်ခံတွေ ပါတယ်။ သူတို့နာမည်တွေကို တော့မသိရဘူး”လို့ ကနီမြို့ နယ်အုပ်ချုပ်ရေးအဖွဲ့(ပအဖ)နဲ့နီးစပ်သူ အမျိုးသားတဦးကပြောပါတယ်။

မြို့နယ်စည်ပင်ဌာန၊ ဆက်သွယ်ရေးဌာန၊ လူသားစာနာဌာန၊ ဘဏ္ဍာရေးဌာန၊ အခွန်ဌာန၊ ဥပဒေဌာန၊ တရားရေးဌာနစတဲ့ ဌာနဆိုင်ရာ ၇ ခုမှ တာဝန်ခံတွေကတော့ ဖမ်းဆီးခံရတဲ့အထဲ မပါဝင်ဘူးလို့ အထက်ပါအမျိုးသားက ဆိုပါတယ်။

စစ်ကိုင်းတိုင်းမှာ အခွန်ကိစ္စနဲ့ ပတ်သက်ပြီး ပသုံးလုံး အဖွဲ့အစည်းတချို့ ဝေဖန်ခံနေရချိန် ယခုလို အထက်အမိန့်နဲ့ ကနီမြို့နယ်မှာ ပထမဆုံး ပသုံးလုံးအဖွဲ့အစည်း ဖမ်းဆီးခံခဲ့ရတာပါ။

စာတည်း – မြတ်

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။