11 July 2026 12:48 PM

စစ်ကြောင်းထိုးဖို့လာတဲ့ စစ်ကားမှောက်ပြီး ဗိုလ်မှူးအပါ ၅ ဦး သေဆုံးဟုဆို

0 6
0 6

မင်းလှ၊ မတ် ၂၊ ၂၀၂၃။

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ စိန်ကန့်လန့်ကျေးရွာနဲ့ မြို့ချောင်းကျေးရွာကြားမှာ PDF တွေကို စစ်ကြောင်းထိုးဖို့လာတဲ့ စစ်ကောင်စီကား မှောက်လို့ ဗိုလ်မှူးအပါ ၅ ဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

ယနေ့မနက် ၄ နာရီခန့်မှာ မင်းလှဘက်ကနေ ကား ၃ စီး အင်အား ၆၀ ကျော်ပါတဲ့ စစ်ကြောင်းဟာ ပဲခူးရိုးမထဲကို လာချိန် ခါချဥ်တောင်လမ်း ရေတွင်းကုန်းအဆင်းအရောက်မှာ စစ်ကားတစ်စီးဟာ လမ်းဘေးချောက်ထဲကို အရှိန်လွန်ပြီး ထိုးကျတိမ်းမှောက်သွားတယ်လို့ သာယာဝတီဂဠုန်တပ်ဖွဲ့ စစ်ရေးတာဝန်ခံ ကိုတံခွန်က ပြောပါတယ်။

“ခုလာတဲ့ အဖွဲ့တွေက မင်းလှက ခလရ ၁၊ သာယာဝတီ ခလရ ၃၅၊ အုတ်ဖိုက ခလရ ၆ က အဖွဲ့တွေ။ သူတို့ တပ်ရင်း ၃ ရင်းပေါင်းပြီး ပဲခူးရိုးမကို PDF တွေ ရှိတဲ့နေရာကို စစ်ကြောင်းထိုးဖို့ တက်လာတာ။ တောင်တွေပေါ် ပတ်တက်နေချိန် သူတို့ဟာ သူတို့မှောက်တာ။ ထိခိုက်သေဆုံးတာတွေ များတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီကားမှောက်လို့ ၅ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

ကားမှောက်တဲ့နေရာမှာ စစ်ကောင်စီကား ၂ စီး ရှိနေပြီး သေဆုံးအလောင်းတွေနဲ့ ဒဏ်ရာရသူတွေကို သယ်ယူတာတွေ လုပ်ခဲ့လို့ လမ်းပိတ်ထားတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပဲခူးရိုးမထဲကို စစ်ကြောင်းထိုးဖို့ စိန်ကန့်လန့်ရွာထဲက စစ်ကောင်စီတပ်ထဲမှာ အင်အား ၂၀၀ ကျော် ရှိနေပြီး အင်အားဖြည့်နေကြတယ်လို့ သိရပါတယ်။

လက်ရှိမှာ သေဆုံးသူ ဗိုလ်မှူးလောင်းနဲ့ ပြင်းထန်ဒဏ်ရာရသူ စစ်သား၂ ဦးကို ကုတင် ၁၀၀ စစ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။