12 July 2026 8:39 PM

လူ ၅ ဦးသေဆုံးခဲ့တဲ့ မိုးကုတ်ဗုံးကြဲခံရမှုမှာ မပေါက်ကွဲခဲ့တဲ့ ပေါင် ၂၅၀ ဗုံးကို သိမ်းဆည်း

0 32
0 32

မြေလတ်အသံ၊ ဇူလိုင် ၃၀၊ ၂၀၂၅။

မန္တလေးတိုင်း၊ မိုးကုတ်မြို့ပေါ်ကို လေယာဉ်နဲ့ကြဲချတိုက်ခိုက်ခဲ့တဲ့ ဗုံးသီးတွေအနက် မပေါက်ကွဲဘဲကျန်ခဲ့တဲ့ ပေါင် ၂၅၀ ဗုံးသီး ၁ လုံးကို စနစ်တကျထိန်းသိမ်းထားလိုက်ပြီလို့ မိုးကုတ်မြို့နယ်ပကဖ က ပြောပါတယ်။

ဇူလိုင် ၂၉ ရက် ယမန်နေ့မှာ စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ မိုးကုတ်မြို့ကို ပေါင် ၅၀၀ ဗုံး ၃ လုံးနဲ့ ပေါင်၂၅၀ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲ့ဒီထဲက ပေါင် ၂၅၀ ဗုံး ၁ လုံးမှာ မင်းတံတားရပ်ကွက် လူနေအိမ် ၁ ခုအတွင်းမှာ မပေါက်ကွဲဘဲ ကျန်ရှိနေတာလို့ ဆိုပါတယ်။

“ဗုံးသီးကို ဦးစွာ ပြည်သူတို့ဘေးအန္တရာယ်ကင်းရှင်းစေရန် ကြိုးတားပြီးတော့ အနားမကပ်စေဘဲနဲ့ ကျွမ်း ကျင်တဲ့ ကျနော်တို့ မိုးကုတ်မြို့နယ်ပကဖ မှ ဒုတာဝန်ခံ (စစ်ရေး) ရောက်ရှိလာတဲ့အချိန်မှာ စနက်တံဖြုတ်ပြီးတော့ ထိန်းသိမ်းခဲ့တာပါဗျ” လို့ မိုးကုတ်မြို့နယ် ပကဖတာဝန်ခံက ပြောပါတယ်။

ဗုံးမပေါက်ကွဲခဲ့တဲ့နေအိမ်အနီးမှာ ကလေးငယ်တွေလည်းရှိနေပြီး ပေါက်ကွဲမှုသာဖြစ်ခဲ့ရင် အားလုံးအသက်ဆုံးရှုံးနိုင်တယ်လို့လည်း ဆိုပါတယ်။

“မပေါက်ကွဲသေးတဲ့ ဗုံးက လူနေအိမ်တည့်တည့် ခေါင်မိုးပေါ်ကနေ ပေါက်ပြီး ကျလာခဲ့တာပါဗျ။ အဲ့ဒီအနားမှာ အသက် ၄၃ နှစ်အရွယ် အမျိုးသမီး ၁ ဦးနဲ့ အသက် ၆/၇ နှစ်အရွယ် ကလေးငယ် ၂ ဦးက လေယာဉ်နဲ့ ဗုံးတွေကြဲချတဲ့အချိန်မှာ ဝပ်နေကြတာပါဗျ။ အကယ်၍သာ အဲ့မိသားစု အနီးနားကျခဲ့တဲ့ လေယာဉ်ဗုံးသာကွဲခဲ့မယ်ဆိုရင်တော့ အဲ့မိသားစုတွေအကုန်လုံး အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်ဗျ။” လို့ မိုးကုတ်မြို့နယ်ပကဖတာဝန်ခံက ပြောပါတယ်။

ပေါက်ကွဲခဲ့တဲ့ ဗုံးတွေကြောင့် အရှေ့ရွာရပ်ကွက်က ဒေါ်ဝင်းကြည် ၈၉ နှစ်၊ ကိုနိုင် ၃၈ နှစ်နဲ့ မင်းတံတား ရပ်ကွက်က ဦးဝင်းမြင့် ၅၀ နှစ်၊ ကိုအယ်လေး ၂၈ နှစ်၊ ဦးရီဌေး ၄၈ နှစ်တို့ ၅ ဦး သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် မင်းတံတားက ၈ ဦး၊ အရှေ့ရွာက ၅ ဦး၊ ရွှေဘုံသာက ၂ ဦး၊ ကွတ်ခိုင်က ၂ ဦး၊ အောင်သစ်လွင်က ၁ ဦး စုစုပေါင်း အမျိုးသား ၁၁ ဦးနဲ့ အမျိုးသမီး ၇ ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့ပြီး ဆေးကုသမှုခံယူနေကြရတယ်လို့ ဆိုပါတယ်။

အလားတူ ဗုံးကြဲခံရမှုကြောင့် မင်းတံတား၊ အရှေ့ရွာ၊ ရွှေဘုံသာစတဲ့ ရပ်ကွက်တွေက လူနေ အိမ် ၁၈ လုံးမှာလည်း ပြိုကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။