myaelatt athan

Sharing Information to the Local

အနည်းဆုံး ၄၀ဦးထိသေဆုံးပြီး စစ်ကောင်စီဘက်အထိနာနေတဲ့ ငဖဲတိုက်ပွဲမှာ ဗိုလ်ကြီးတဦးသတ်သေ

0
0

မကွေး၊ ဧပြီ ၁၆၊ ၂၀၂၂။

မကွေးတိုင်း၊ အနောက်ပိုင်းက ငဖဲနဲ့ စေတုတ္တရာမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေတာ ၁၀ရက် နီးပါး ရှိနေပြီး စစ်ကောင်စီဘက်က အထိနာထားပြီး အနည်းဆုံး အယောက် ၄၀လောက် ကျဆုံးထားတယ်လို့ PRA မကွေး အဖွဲ့ဆီက သိရပါတယ်။

စစ်ကောင်စီတပ်သား ၄၀ဦးဝန်းကျင်လောက် သေဆုံးထားပြီး အဲ့ဒီထက်များနိုင်တဲ့အပြင် အစုအလိုက်အပြုံလိုက်မြှုပ်ထားရတဲ့ အခြေအနေအထိ စစ်ကောင်စီဘက်က အထိနာနေတယ်လို့ People’s Revolution Alliance PRA-Magway စစ်ဦးစီးချုပ် ဟာကျူလီက ပြောပါတယ်။

” ပေါ်တာဆွဲထားတဲ့ လူတယောက် ထွက်ပြေးတာ လုံခြုံတဲ့ နေရာရောက်တော့ ကျနော်တို့ကိုဆက်သွယ်တာ၊ အရာရှိတယောက်တဲ့ နောက်စစ်သားတယောက် ကိုယ့်ကိုယ်ကို သတ်သေသွားတယ်၊ စစ်ကြောင်းမှူးခေါ်မလား ဗိုလ်ကြီးခေါ်မလား ၂ယောက်ကလည်း သေနတ်တွေနဲ့ အတူ ပျောက်နေတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၆ရက်ကစပြီး ငဖဲနဲ့ စေတုတ္တရာ မြို့နယ်တွေမှာ အင်အား ၆၀၀ကနေ ၈၀၀ ဝန်းကျင်အထိပါတဲ့ စစ်ကောင်စီတပ်သားတွေဟာ စစ်ကြောင်းတွေခွဲပြီး တိုက်ခိုက်ခဲ့ပေမယ့် လက်ရှိအချိန်အထိ အထိနာနေတာဖြစ်တယ်လို့ PRA-Magway စစ်ဦးစီးချုပ် က ပြောပါတယ်။

တိုက်ပွဲကာလ ၁၀ရက်အတွင်းမှာ ထိတွေတိုက်ပွဲက ၆ရက်လောက်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က လေယာဥ်တွေသုံးခဲ့တဲ့ ရက်တွေရှိခဲ့သလို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဆက်တိုက်ပစ်ခတ်တာမျိုးတွေလည်း ရှိခဲ့တယ်လို့ ပြောပါတယ်။

” တိုက်ပွဲမဖြစ်တာ ၂ရက်ရှိပြီ မနေ့ကနဲ့ ဒီနေ့ ၊ သူတို့ အထိနာလို့ပဲ ဆုတ်သွားလား မပြောတတ်ဘူး၊ သူတို့ကတော့ အင်အားတိုးပြီးရင် ကျနော်တို့ဆီပြန်လာမယ် ထင်ပါတယ်။ ကျနော်တို့ ဘက်က ထိခိုက်ဒဏ်ရာရတာ ၃ယောက်ရှိပါတယ်၊ အကျအဆုံးမရှိပါဘူး တယောက်ကတော့ ဒဏ်ရာပြင်းထန်ပါတယ် အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး” လို့ ပြောပါတယ်။

လက်ရှိတိုက်ပွဲဖြစ်နေတဲ့ မကွေးတိုင်းအနောက်ပိုင်းက ဒေသတွေမှာ PRA မကွေးနဲ့ အရှိုချင်းကာကွယ်​ရေးတပ်-ACDF တို့ ပူးပေါင်းတိုက်ခိုက်နေတာဖြစ်ပြီး ထိုးစစ်ဆင်တာမျိုး မဟုတ်ပဲ ခုခံစစ်အနေနဲ့ သာ စစ်ကောင်စီဘက်ကို ဖိနှိပ်ထားနိုင်ခဲ့လည်းဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ရာ ဒေသတွေက ပြည်သူတွေကိုတော့ စစ်ကောင်စီက ဖမ်းဆီးတာ ပေါ်တာဆွဲတွေရှိသလို ဒေသခံတွေရဲ့ ကြက်၊ ဝက်တွေကိုလည်း သတ်ဖြတ်စားသောက်တာတွေလည်း လုပ်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က တပ်မ ၈၈၊ ၄၄ နဲ့ ခမရ ၁၀၂ တပ်တွေအပြင် အရပ်ဝတ်နဲ့ ဝင်တိုက်နေတဲ့ တပ်ဖွဲ့ဝင်တွေကိုလည်း ‌တိုက်ပွဲအတွင်း တွေ့ရပြီး အမြောက်တပ် နဲ့ ကပစ တပ်တွေလည်း ပူးပေါင်းတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။