ကြက်သွန်နီစျေး တလကျော်အတွင်း တပိဿာကို ကျပ် ၄၀၀၀ ကျော်အထိမြင့်တက်လာလို့ ပြည်တွင်း စားသုံးသူတွေ လျှော့ပေါ့စားသုံးနေရ

0 0
0 0

မြေလတ်အသံ၊ အောက်တိုဘာ ၁၂၊ ၂၀၂၆။

စျေးကွက်အတွင်းမှာ ကြက်သွန်နီစျေးတွေဟာ ဆက်တိုက်မြင့်တက်လာနေပြီး တလကျော်အတွင်းမှာ ကျပ် ၄၀၀၀ ကျော်မြင့်တင်လာတယ်လို့ စားသုံးသူတွေနဲ့ ကြက်သွန်ဒိုင်တွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက ကြက်သွန်နီ ၁ ပိဿာစျေးနှုန်းမှာ ကြက်သွန်နီအသေး ကျပ် ၃၀၀၀ နဲ့ အကြီး ကျပ် ၄၀၀၀ စျေးကနေ တဖြည်းဖြည်း စျေးတက်လာခဲ့ပြီး ဩဂုတ်လ နောက်ဆုံးအပတ်မှာ ကြက်သွန်နီအသေး ၁ ပိဿာ ကျပ် ၆၀၀၀ နဲ့ အကြီး ၈၀၀၀ ကျပ်အထိ မြင့်တက်လာကာ အောက်တိုဘာလအတွင်းမှာတော့ ကြက်သွန်နီအသေး ကျပ် ၁ သောင်းနဲ့ အကြီး ကျပ် ၁၂၀၀၀ အထိ စံချိန်တက် မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

စက်သုံးဆီ၊ စားဆီတွေအပြင် အထွေထွေကုန်စျေးနှုန်းကြီးမြင့်လာတဲ့ ကြားကနေ ကြက်သွန်နီစျေးပါ တက်လာတာကြောင့် ဟင်းချက်တဲ့နေရာမှ လျှော့သုံးလာရတယ်လို့ ပဲခူးမြို့က အိမ်ရှင်မတဦးက ပြောပါတယ်။

“လျော့သုံးရတာပေါ့ အရင်က ဟင်းတအိုး ၅ လုံးလောက်ထည့်ရင် အခု သုံးလုံးလောက် ပဲထည်ပေါ့။ မဖြစ်မနေဆို နှစ်လုံးလောက်ပဲ ထည့်ပေါ့။ စျေးအစုံလုံးက အကုန်လုံးတက်လာတယ်။ ဒီကြက်သွန်ပါ တက်လာတော့ အိမ်သုံးစရိတ်ပေါ်မှာ ဝယ်ခြမ်းရခက်သွားတာပေါ့” လို့ ပြောပါတယ်။

အောက်တိုဘာလ ၁၀ ရက်နေ့ ပေါက်စျေးအရ ပွဲရုံတွေမှာ ကြက်သွန်နီအကြီးတပိဿာ ကျပ် ၁၁၀၀၀ ကျပ်၊ အသေးတပိဿာ ကျပ် ၈၅၀၀ မှ ၉၀၀၀ အထိ စျေးနှုန်းနဲ့ရောင်းချနေတယ်လို့ ကြက်သွန်ပွဲရုံတွေထံက သိရပါတယ်။

ကြက်သွန်စျေးတွေ ဆက်တိုက်မြင့်တက်လာတာက တောင်သူလက်ထဲမှာ ကြက်သွန်တွေမရှိတော့သလို ​ရှားပါးလာတာကြောင့် စျေးတွေဆက်တိုက် မြင့်တက်လာတာလို့ ဆိုပါတယ်။

“တောင်သူ မနှစ်က ရှုံးထားတော့ မရောင်းရဘူး။ တချို့ဆို ချွေပစ်ရတာတွေရှိတယ်။ လမ်းပန်းဆက်သွယ်ရေးမကောင်းလို့ ချွေပစ်တာရှိတယ်။ အဲလိုမျိုးတွေဆိုတော့ ဒီနှစ်က မစိုက်နိုင်ကြတော့ အထွက်နှုန်းကလည်း နည်းတယ်။ မနှစ်ကလည်းစျေးမရှိတော့ ဒီနှစ်စျေးရတော့ တောင်သူတွေက ကြောက်လို့ စောစောထုတ်ရောင်းလိုက်တာ တောင်သူလက်ထဲမရှိတော့ဘူး။” လို့ ပခုက္ကူ ကြက်သွန်ဒိုင်ပိုင်ရှင်တဦးက ပြောပါတယ်။

ယခင် ၂၀၂၅ ခုနှစ်အတွင်းမှာ ကြက်သွန်နီရာသီပေါ်ကာစ ဇန်နဝါရီနဲ့ မတ်လအတွင်းမှာ တပိဿာ ၂၅၀၀ ကျပ်နဲ့ ၃၅၀၀ ကျပ် အတွင်း စျေးရခဲ့ပြီး ရာသီကုန်ချိန် စက်တင်ဘာမှ ဒီဇင်ဘာလအတွင်း တပိဿာ ကျပ် ၅၀၀၀ အထိ စျေးရခဲ့တယ်လို့ ကြက်သွန်ပွဲရုံတွေထံက သိရပါတယ်။

မြန်မာနိုင်ငံမှာ ကြက်သွန်နီအများဆုံး စိုက်ပျိုးတဲ့ ဒေသတွေကတော့ ​မကွေးတိုင်းအတွင်း ဆိပ်ဖြူ၊ ဆင်ဖြူကျွန်း၊ စလင်း၊ ရေနံချောင်း၊ ပခုက္ကူနဲ့ တောင်တွင်းကြီးမြို့နယ်တွေဖြစ်ပြီး မန္တလေးတိုင်းထဲမှာတော့ မြင်းခြံ၊ တောင်သာ၊ ကျောက်ဆည်၊ ကျောက်ပန်းတောင်း၊ မလှိုင်နဲ့ ဝမ်းတွင်းမြို့နယ်တွေမှာ စိုက်ပျိုးကြသလို စစ်ကိုင်းတိုင်းမှာတော့ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားနေတဲ့ မုံရွာ၊ ယင်းမာပင်၊ ကနီနဲ့ ရွှေဘိုမြို့နယ်တွေအပြင် ​ရှမ်းပြည်နယ်ထဲက တောင်ကြီး၊ အောင်ပန်း၊ ကလော၊ ပင်းတယ၊ ဟိုပုံးနဲ့ ကျိုင်းတုံမြို့နယ်တွေမှာ အများဆုံးစိုက်ပျိုးကြတာဖြစ်ပြီး ကျန်ဒေသတွေမှာ အနည်းအကျဥ်းစိုက်ပျိုးကြတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအတွင်း နှစ်စဥ် ကြက်သွန်နီစိုက်ပျိုးဧက ၁ သိန်း ၇ သောင်းကျော်စိုက်ပျိုးပြီး မန္တလေးတိုင်းက (၃၆%) နဲ့ အများဆုံး ဖြစ်ကာ စစ်ကိုင်းတိုင်းက (၃၂%) နဲ့ မကွေးတိုင်းက (၂၆%) တို့စိုက်ပျိုးခဲ့တယ်လို့ ၂၀၂၄ နှစ်က အာဏာသိမ်းစစ်တပ်က ထုတ်ပြန်ထားခဲ့ကာ အဲဒီ ကြက်သွန်နီစိုက်ပျိုးမှု အများဆုံး တိုင်းသုံးခုဟာလည်း လက်ရှိ ပြည်တွင်းစစ်ဖြစ်ပွားမှုအများဆုံးဖြစ်ပွားနေတဲ့ ဒေသတွေဖြစ်ကြောင်းသိရပါတယ်။

တည်းဖြတ် – M

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။