သမိုင်းဝင် မဟာစည်ကျောင်းတိုက် ဗုံးကြဲခံရပြီး စစ်ရှောင် ၂ ဦးသေဆုံးကာ ၈ ဦးဒဏ်ရာရ

0 8
0 8

ရွှေဘို၊ အောက်တိုဘာ ၁၂၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာရှိ မဟာစည်ဆရာတော်ကြီး သတင်းသုံးခဲ့တဲ့ သမိုင်းဝင် မဟာစည်ကျောင်းတိုက် ဗုံးကြဲခံရပြီး စစ်ရှောင် ၂ ဦးသေဆုံးကာ ၈ ဦးဒဏ်ရာရတယ်လို့ ရွှေဘိုမြို့နယ်ပကဖတာဝန်ရှိသူတွေဆီက သိရပါတယ်။

အောက်တိုဘာလ ၁၁ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာတစီး ဘုန်းကြီးကျောင်းဝင်းအတွင်းကို ဗုံးသုံးလုံးကြဲချခဲ့တာလို့ ဆိုပါတယ်။

“မဟာစည်ဆရာတော်ကျောင်းက ရိပ်သာလည်း ကျောင်းဝင်းထဲမှာရှိတာ။ စစ်ရှောင်ကလည်း ဓမ္မာရုံထဲနေကြတာ။ ဓမ္မာရုံကြီးဘေး တလုံးကျတယ်။ ယောဂီတွေနေတဲ့ အဆောင်နား တလုံးကျတာ။ တည့်ကျတာလည်း ရှိတယ်။ ဗုံးကြဲပြီးတော့ ညနေပိုင်း ဒရုန်းနဲ့လာထပ်ကြဲသွားသေးတာ”လို့ ရွှေဘိုမြို့နယ်ပကဖ တာဝန်ရှိသူက ပြောပါတယ်။

ပုံစာ – လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် မဟာစည်ကျောင်းတိုက်အတွင်းရှိ သာသနိက အဆောက်အအုံများ။

အဆိုပါ မဟာစည်ကျောင်းတိုက်ဟာ မဟာစည်ဆရာတော်ကြီး သက်တော်ရှိစဥ်က သီတင်းသုံး နေထိုင်ဖူးတဲ့ ကျောင်းတိုက်ဖြစ်ပြီး ဗုံးကြဲခံရချိန်မှာလည်း ဥပုသ်နေ့ဖြစ်တာကြောင့် စစ်ရှောင်သက်ကြီးပိုင်းတွေနဲ့ ကျေးရွာထဲက သက်ကြီးပိုင်းတွေ ဥပုသ်စောင့်ရောက်နေကြချိန်ဖြစ်တယ်လို့ သိရပါတယ်။

ဗုံးကြဲခံရလို့ ဆိပ်ခွန်ကျေးရွာအနီးတဝိုက် ကျေးရွာတချို့က စစ်လာရှောင်နေကြတဲ့ အသက် ၂၃ နှစ်အရွယ် မနှင်းသန့်ကျော်နဲ့ အသက် ၇၃ နှစ်အရွယ် ဒေါ်ဝင်းမေတို့ သေဆုံးသွားတာ ဖြစ်ပါတယ်။

ပုံစာ – လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် မဟာစည်ကျောင်းတိုက်အတွင်းရှိ သာသနိက အဆောက်အအုံများ။

ဒါ့အပြင် အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး၊ အသက် ၁၇ နှစ်အရွယ် မိန်းကလေးငယ် ၂ ဦး၊ အသက် ၅၀ ကျော်အရွယ် အမျိုးသမီး ၂ ဦးနဲ့ အသက် ၄၄ နှစ်ကနေ ၇၅ နှစ်ကြား အမျိုးသား ၃ ဦးတို့ ဒဏ်ရာရပြီး ကျောင်းတိုက်အတွင်းရှိ ဓမ္မာရုံ၊ စောင်းတန်း၊ ဘုန်းကြီးကျောင်းဆောင်တွေလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဗုံးကြဲခံရပြီးနောက် ကျောင်းတိုက်အတွင်း စစ်ရှောင်နေရသူတွေ ဘေးလွတ်ရာကို ထပ်မံတိမ်းရှောင်သွားကြရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၇ ရက်နေ့ကလည်း ရွှေဘိုမြို့နာ်၊ ချီပါကျေးရွာထဲကို စစ်တပ်က ဒရုန်းနဲ့ဗုံးချတာကြောင့် ရွာခံ ၃ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။