အရပ်သားတွေကို ပစ်မှတ်ထားပြီး ဝက်လက်က ရွာ ၅ ရွာမှာ ဗုံးကြဲခဲ့လို့ ၃ ဦးသေ ၁၆ ဦးထက်မနည်း ဒဏ်ရာရ

0 11
0 11

ဝက်လက်၊ အောက်တိုဘာ ၁၂၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲက ကျေးရွာ ၅ ရွာကို စစ်တပ်က Y-12 လေယာဉ်နဲ့ ဗုံးပတ်ကြဲခဲ့တာကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး ၁၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရထားတယ်လို့ ​ဝက်လက်မြို့နယ်ပကဖ ပြန်ကြားရေးတာဝန်ခံထံက သိရပါတယ်။

အောက်တိုဘာလ ၁၂ ရက်နေ့ မနက် ၃ နာရီကျော်ခန့်က စတင်ပြီး တံတားဦးလေတပ်ကနေ တက်လာတဲ့ Y-12 လေယာဉ်တစီးဟာ မဲကုန်း၊ ဥယျာဥ်မ၊ ကျီးကန်၊ ရေထွက်နဲ့ အုတ်ဖိုကုန်းကျေးရွာတွေကို ဗုံးသီး ၁၃ လုံးထပ်မနည်းကြဲချခဲ့တာလို့ ဆိုပါတယ်။

“ထိခိုက်က ရွာတိုင်းရှိတယ်။ ရွာတွေထဲမှာလည်း ဘာမှမရှိဘဲ ရွာထဲကိုချည်း ကြဲသွားတာ။ ပြည်သူတွေက ကြောက်နေပြီ။ ဒီလောက်ကြီးက တခါမှ လာချဖူးဘူး။ တိုက်ပွဲဖြစ်နေချိန်တော့ ချပေမယ့် တိုက်ပွဲမရှိချိန် အခုလို အများကြီးလာချတာ ပထမဆုံးပဲ”လို့ ဝက်လက်မြို့နယ်ပကဖ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အရပ်သားတွေကို ပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် မဲကုန်းကျေးရွာအတွင်းက အသက် ၅၀ ကျော်အရွယ် အမျိုးသား ၃ ဦး နေရာမှာပင် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မဲကုန်းရွာက ၇ ဦး၊ ကျီးကန်ရွာက ၂ ဦး၊ ဥယျာဉ်ရွာက ၂ ဦး၊ ရေထွက်ရွာက ၄ ဦးနဲ့ အုတ်ဖိုကုန်းကျေးရွာက ၁ ဦး ဒဏ်ရာရသူတွေကိုသာ စာရင်းကောက်ယူထားနိုင်သေးပြီး ထိခိုက်သူစာရင်း ဒီထက်ပိုများနိုင်ကာ ကျား၊ မ ခွဲခြားသိနိုင်ဖို့ စာရင်းကောက်ယူနေတုန်းပဲလို့ ဆိုပါတယ်။

ဗုံးကြဲခံရမှုကြောင့် ကျေးရွာနေပြည်သူတွေက ရွာတွေကနေ တိမ်းရှောင်ကြတာမျိုးမရှိကြပေမယ့် စိုးရိမ်ကြောက်လန့်နေကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့ကလည်း ဝက်လက်မြို့နယ်၊ ကန်ပေါက်ကျေးရွာမှာ စစ်တပ်ရဲ့ အသေခံဒရုန်းကြောင့် အမျိုးသား ၁ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။