မန္တလေး၊ မေ ၁၈၊ ၂၀၂၅။
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ အဘယာရာမရွှေဂူကျောင်းတိုက်အတွင်းရှိ ငလျင်ဘေးသင့်ကယ်ဆယ်ရေးစခန်းတဲ ၁ ခုပေါ် ကုက္ကိုလ်ပင်ပြိုကျပြီး သားအဖ ၂ ဦး သစ်ပင်ပိသေဆုံးခဲ့တယ်လို့ မဏိစလလူမှုကူညီရေးအသင်းဆီကနေ သိရပါတယ်။
မေ ၁၇ ရက် ည ၁၂ နာရီအချိန်လောက်က မဟာအောင်မြေမြို့နယ်၊ ၄၁ လမ်း ၈၉ လမ်းထောင့်မှာရှိတဲ့ အဘယာရာမ ရွှေဂူကျောင်းတိုက်အတွင်းက ငလျင်ဘေးသင့်ကယ်ဆယ်ရေးစခန်းယာယီတဲ ၁ ခု ပေါ်ကို လုံးပတ် ၅ ပေခန့် အရှည်ပေ ၄၀ ရှိတဲ့ ကုက္ကိုလ်ပင်ပြိုကျချိန် သားအဖ ၂ ဦးကိုပိပြီး နေရာတင် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။


“ကျနော်တို့ ကယ်ထုတ်တဲ့အချိန်မှာ သစ်ပင်ကြီးလုံးပတ်က အရမ်းကြီးတာရယ် နေရာကကျဉ်းတာရယ်ဆိုတော့ တော်တော်ခက်ခဲတယ်။ ဖြတ်တောက်တဲ့အချိန်မှာလည်း အရမ်းကြာတယ်။ မိုးရွာထားတာရော ငလျင်လှုပ်လိုက်တာရောဆိုတော့ သစ်ပင်ကအိဝင်ပြီး လဲကျလာတာ။”လို့ မဏိစလ လူမှုကူညီရေးအသင်းရဲ့ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။
သစ်ပင်ပိပြီး သေဆုံးသွားခဲ့တဲ့ သားအဖ ၂ ဦးဟာ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်က ငလျင်ဘေးသင့်သူ ကိုဝင်းအောင် နဲ့ မောင်ရှင်းသန့်ဖြူတို့ဖြစ်ပြီး ရုပ်အလောင်းတွေကို ဒီနေ့ မေ ၁၈ ရက် ညနေမှာ သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။


မန္တလေးမြို့မှာ မနေ့ကညနေ ၅ နာရီကျော်က မိုးသည်းထန်းစွာ ရွာသွန်းခဲ့ပြီး ည ၁၀ နာရီ ၂၅ မိနစ် အချိန်မှာ ငလျင်ထပ်မံလှုပ်ခတ်ခဲ့ပြီးနောက်မှာ သစ်ပင်ဟာ အမြစ်က လန်ပြီးလဲကျခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ရစ်ချတာစကေး ၅.၂ အဆင့်ရှိပြီး မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ အနောက်တောင်ဘက် ၂၁ ကီလိုမီတာ ၁၃ မိုင်ကျော်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တာပါ။
အဘယာရာမရွှေဂူကျောင်းတိုက်အတွင်းမှာ ငလျင်ဘေးသင့် အိမ်ထောင်စု ၄၀၀ ကျော်ဟာ ယာယီတဲတွေ ဆောက်လုပ်ပြီးနေထိုင်ကြတယ်လို့ သိရပါတယ်။
စာတည်း – လင်း