စစ်ကိုင်း၊ ဇွန် ၂၅၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ မုံရွာ၊ မြင်းမူ၊ ချောင်းဦး၊ စစ်ကိုင်း၊ ဘုတလင်မြို့နယ်တွေမှာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃၃ ဦးသေဆုံးတယ်လို့ ဇွန် ၂၄ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF က သတင်းထုတ်ပြန်ပါတယ်။
မေ ၅ ရက်မှာ မုံရွာမြို့နယ်၊ မုံရွာ-ယာကြီး-ကလေးဝလမ်းပေါ် သင့်ငံရွာမှာရောက်ရှိနေတဲ့ တပ်မ ၉၉ လက်အောက်ခံ ခမရ-၁၄ မှ အင်အား ၂၀၀ ပါစစ်ကြောင်းကို ယင်းမာပင်ခရိုင်စစ်ဌာနကွပ်ကဲမှုနဲ့ မိုင်းခွဲ တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူအများအပြားရှိတယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် မေ ၆ ရက်မှာ အဲ့ဒီစစ်ကြောင်းကခွဲထွက်လာတဲ့ အင်အား ၅၀ ပါ စစ်ကြောင်းဟာ ချောင်းမရွာကိုရောက်လာစဥ် သေဆုံးတပ်သား ၁ ဦးရဲ့ ရုပ်အလောင်းကိုမြှုပ်ကာ ကျန်ဒဏ်ရာရ တပ်သားတွေနဲ့ ဘန့်ဘွေး(ပျူရွာ)ကိုဝင်ရောက်သွားတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါ့အပြင် မေ ၁၉ ရက်မှာလည်း မြင်းမူမြို့နယ်၊ အလ္လကပ္ပရွာအရှေ့ထိပ် စစ်ကော်မရှင်ဂိတ်က ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို လက်လုပ်မိုင်း ၃ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၃ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။


အလားတူ ဇွန် ၂ ရက်မှာ ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာကထွက်လာတဲ့ တပ်မ ၃၃ လက်အောက်ခံ ခလရ – ၇၆)၊ ခမရ – ၁၃၊ ရတဖ – ၁၆၊ ပြည်သူ့စစ်ပူးပေါင်းအင်အား ၁၀၀ ပါစစ်ကြောင်းကို ချောင်းဦး – ပခုက္ကူ လမ်းပိုင်းပေါ်ရှိ ဆင်မြေကျေးရွာကိုထွက်လာချိန် ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၃ ဦးသေဆုံး၊ ၉ ဦးဒဏ်ရာရကာ စစ်သုံ့ပန်း ၂ ဦးဖမ်းမိပြီး လက်နက်မျိုးစုံ ၁၆ လက်လည်းသိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ ဇွန် ၅ ရက်မှာလည်း စစ်ကိုင်းမြို့နယ်၊ ကျောက်ဆည်ရွာနဲ့ အုန်းတောရွာကြားမှာ နမခ က ထွက်လာတဲ့ သံပြားကာ ကား ၈ စီး၊ ဆီဘောက်ဆာ ကား ၁၄ စီးကို စစ်ကိုင်းခရိုင်စစ်ဌာနကွပ်ကဲမှုနဲ့ မိုင်း ၆ လုံးသုံးတိုက်ခိုက်ရာ ကား ၁ စီးပျက်စီးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ ဆိုပါတယ်။


အဲ့ဒီနေ့မှာပဲ မြင်းမူမြို့နယ်၊ ထီးဆောင်းရွာ အရှေ့ဘက် စစ်ကိုင်း တမခ -၃၃ မှ ထွက်ခွာလာတဲ့ သံပြားကာ ကား ၈ စီး၊ ၁၂ ဘီးကား ၂ စီး နဲ့ ၆ ဘီးကား ၅ စီးကို စစ်ကိုင်းခရိုင်စစ်ဌာနကွပ်ကဲမှုနဲ့ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့သေးတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဇွန် ၁၅ ရက်မှာလည်း မြင်းမူမြို့နယ်၊ ဂွေးပင်တောရွာအထိုင်ချစစ်ကော်မရှင်တပ်သား အင်အား ၂၅ ဦးခန့်နဲ့ မြောင်လမ်းခွဲနဲ့ ဂွေးပင်တောရွာကြား ကင်းပုန်းဝပ်ဖို့ထွက်လာချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီနေ့မှာပဲ စစ်ကိုင်းမြို့နယ်၊ နှုံးတွင်းရွာနဲ့ နတ်ခရိုင်ရွာကြား နမခ ကထွက်လာတဲ့ စစ်ယာဥ်တန်းကို လက်လုပ်မိုင်း ၂ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကား ၂ စီးထိခိုက်ပျက်စီးခဲ့သလို စစ်ကိုင်း တမခ -၃၃ မှ ထွက်လာတဲ့ စစ်ယာဥ်တန်းကို မြင်းမူမြို့နယ်၊ ထီးဆောင်းရွာအရှေ့ဘက်မှာ ထပ်မံပြီး ပဒေသာမိုင်း ၃ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဇွန် ၁၈ ရက်မှာတော့ ဘုတလင်မြို့နယ်၊ အနောက်ဇီးတောရွာမှ ဘုတလင်မြို့ ထွေ/အုပ်ရုံးကို ထွက်လာတဲ့ နမခ မှ အင်အား ၂၅၀ ခန့်ပါစစ်ကြောင်းကို မုံရွာခရိုင်စစ်ဌာနကွပ်ကဲမှုနဲ့ စောင့်ကြို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅ ဦးခန့် ပြင်းထန်ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃၃ ဦးသေဆုံးကာ ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိပြီး စစ်သုံ့ပန်း ၂ ဦး အပါအဝင် လက်နက်မျိုးစုံ ၁၆ လက်နဲ့ ခဲယမ်းပစ္စည်းတွေကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။