အရာတော်မှာ တိုက်ပွဲဖြစ်ပြီး PDF ၁၀ ဦးကျဆုံး

0 36
0 36

အရာတော်၊ ဇွန် ၂၅၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာနဲ့ အမှတ် ၁၀ စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ – ၁၀) ကြားက တောလမ်းပိုင်းမှာတိုက်ပွဲဖြစ်ပြီး PDF တပ်ဖွဲ့ဝင် ၁၀ ဦးကျဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။

ဇွန် ၂၄ ရက်မနက် ၃ နာရီခန့်မှာ ငွေတွင်းပျုစောထီးစခန်းကနေ စခတ ၁၀ ဘက်ကို ရိက္ခာသယ်ယူဖို့ ထွက်လာတဲ့ အင်အား ၄၀ ကျော်ပါ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

“ထောက်ပို့လမ်းကြောင်းထွက်တာကို ကြားကနေဖြတ်တိုက်တာ။ ငွေတွင်းကနေ သွားတဲ့အဖွဲ့ကို တိုက်နေချိန် လေ့ကျင့်ရေး ၁၀ ကနေ ထွက်လာတဲ့ အင်အားက ဝင်လုံးသွားတာ။ ရှေ့ကိုတိုက်နေချိန် နောက်ကိုဝိုင်းခံလိုက်ရတဲ့သဘောပါ”လို့ ဖြစ်စဥ်ကိုသိထားတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေဘက်ကတော့ ၁၀ ဦးကျဆုံးပြီး လက်နက် ၉ လက်နဲ့ ကျည်အပါအဝင် ဆက်စပ်ပစ္စည်းတွေလည်းဆုံးရှုံးမှုရှိခဲ့တယ်လို့ အထက်ပါဒေသကာကွယ်ရေးအဖွဲ့ဝင်က ပြောပါတယ်။

ဒါ့အပြင် ဒီတိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က ထိခိုက်သေဆုံးများကာ အလောင်းတွေပြန်သယ်သွားတာကြောင့် အရေအတွက်ကိုမသိရဘဲ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကော်မရှင်အဖွဲ့ ၂ ခုစလုံးဟာ လေ့ကျင့်ရေး ၁၀ တပ်ထဲကိုဝင်သွားကြတယ်လို့ သိရပါတယ်။

ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့တွေဘက်ကတော့ လတ်တလော သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

စစ်ကော်မရှင်ထောက်ခံ တယ်လီဂရမ်တွေမှာတော့ အရာ​တော်တိုက်ပွဲအတွင်း PDF ၁၀ ဦးသေဆုံးပြီး လက်နက်တွေလည်းသိမ်းဆည်းရမိတယ်လို့ ပုံတွေနဲ့တကွဖော်ပြထားပြီး ဒီပုံတွေဟာလည်း မှန်ကန်တယ်လို့ အထက်ပါဒေသကာကွယ်ရေးအဖွဲ့ဝင်က ပြောပါတယ်။

မတ် ၁၂ ရက်ကလည်း ရေစကြိုမြို့နယ်ထဲက၊ စဥ့်ကိုင်ကျေးရွာနဲ့ ကံသစ်ကျေးရွာက ရပ်ကျေးကာကွယ်ရေးစခန်းနှစ်ခုကို စစ်ကော်မရှင်စစ်ကြောင်း ဝင်ရောက်စီးနင်းလို့ တပ်ဖွဲ့ဝင် ၆ ဦးကျဆုံးသွားတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။