⁨ ⁨မုံရွာမှာ ဆိုင်ကယ်နဲ့ လူလိုင်စင် စစ်ဆေးမှုတွေကြောင့် နေ့စားလုပ်သားတွေ အလုပ်မသွားနိုင်

0 11
0 11

မုံရွာ၊ စက်တင်ဘာ ၂၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ယာဉ်ထိန်းရဲတွေနဲ့ စစ်တပ်ပူးပေါင်းပြီး ဆိုင်ကယ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်နဲ့ ဆိုင်ကယ်ဦးထုပ်၊ နောက်ကြည့်မှန်၊ ဘရိတ်စတာတွေကို အသေးစိပ် စစ်ဆေးနေလို့ နေ့စားအလုပ်သမားတွေ အလုပ်မသွားနိုင်ဘဲ ဖြစ်နေတယ်လို့ သိရပါတယ်။

မနေ့ မနက်ပိုင်းကစလို့ ယာဉ်ထိန်းရဲတဝက်၊ စစ်သားတဝက်ပါတဲ့ အဖွဲ့တွေက မုံရွာမြို့၊ ကျောက္ကာလမ်းတလျောက်နဲ့ မြို့ပတ်လမ်းတလျောက်မှာ ခရီးသွားဆိုင်ကယ်တွေကို စစ်ဆေးနေတာလို့ မြို့ခံတဦးက ဆိုပါတယ်။

“မနက်၉နာရီလောက်က ကျောက္ကာမိးပွိုင့်မှာ စပြီးစစ်ဆေးဖမ်းဆီးပြနေပြီ။ အခုလက်ရှိ သူတို့ထုတ်တဲ့ဥပဒေက ဆိုင်ကယ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်၊ ဦးထုပ်၊ ဘက်မှန် အစုံပါရမယ်တဲ့လေ။ ဘက်မှန်က ဝါးနေရင် မရဘူးတဲ့ဗျ။” လို့ ပြောပါတယ်။

လိုအပ်ချက်မပြည့်စုံတဲ့ ဆိုင်ကယ်ပိုင်ရှင်တွေကိုတော့ တသမတ်တည်းမဟုတ်တဲ့ အခကြေးငွေနဲ့ ဒဏ်ကြေးပေးဆောင်ခိုင်းကာ၊ အဲဒီနေရာမှာတင် ဒဏ်ကြေးမဆောင်နိုင်တဲ့ ဆိုင်ကယ်တွေကိုတော့ တရားရုံးမှာလိုက်ပြီး ဒဏ်ကြေးဆောင် ရွေးရတယ်လို့ မြို့ခံတဦးက ဆိုပါတယ်။

ဩဂုတ်လ ၃၀ရက်နဲ့ ၃၁ရက်တွေက မြို့ထဲရပ်ကွက်တွေမှာ ရပ်ကွက်ကော်မတီဝင် (အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး) တွေဦးဆောင်ပြီး ယာဉ်စီးနင်းသူတွေ လိုက်နာရမယ့် စည်းကမ်းတွေကို ကားတွေနဲ့ လှည့်လည်ကြေညာတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီကနေ့ စက်တင်ဘာ ၂ ရက်နေ့မှာတော့ မုံရွာမြို့ပတ်လည် ကျေးရွာတွေက နေ့စားအလုပ်သမားတွေဟာ အခုလို ဖမ်းဆီးမှုတွေကြောင့် အလုပ်မသွားနိုင်ဘဲဖြစ်နေတယ်လို့ သိရပါတယ်။

“ခေတ်ကလည်း မကောင်းတော့ ဘာလိုင်စင်မှလည်း လုပ်မထားရဘူး။ တရက် ၁၅၀၀၀၊ ၂၀၀၀၀ ရတာ ဖမ်းခံရရင် ကုန်မှာ။ ဒါနဲ့ အလုပ်လည်း မသွားရတော့ဘူး။ လိုင်စင်လုပ်ရင်လည်း ဒဏ်ကြေးတွေနဲ့ မနည်းဘူး။” လို့ ပန်းရံလုပ်သားတဦးက ပြောပါတယ်။

အခုလို တင်းကြပ်တဲ့ စစ်ဆေးမှုတွေအပြင် စစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးမှုတွေကြောင့် မုံရွာမြို့တွင်းလမ်းမတွေဟာ လူသွားလူလာ နည်းပါးနေပြီလို့ မြို့ခံတဦးဆီက သိရပါတယ်။

“အသွားလာကတော့ အရင်နေ့တွေကတည်းက သိပ်မရှိတော့ဘူး။ ပေါ်တာကြောက်ကြလို့လေ။ မနက်ခင်းပိုင်းသာ ဈေးအသွားအလာကြောင့်ပဲ ရှိတတ်တာ။” လို့ မြို့ခံတဦးက ပြောပါတယ်။

ဆိုင်ကယ် လိုင်စင်မပါခဲ့ရင် ဆိုင်ကယ်ကို ခေတ္တသိမ်းထားကာ လိုင်စင်မလုပ်ခဲ့တဲ့ နှစ်အလိုက် ဒဏ်ကြေးဆောင်ရပြီး ဒဏ်ကြေးကိုသီးသန့်သတ်မှတ်ထားခြင်းမရှိကြောင်းနဲ့ ယာဉ်မောင်းလိုင်စင်နဲ့ ဆိုင်ကယ်အင်္ဂါရပ်နဲ့မညီတဲ့ ဆိုင်ကယ်တွေကိုတော့ ၂၀၀၀၀ ကနေ စပြီး ပေးနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။