⁨ယာကြီးမှာ ဓာတ်ဆီဆိုင် ဗုံးကြဲခံရလို့ အမျိုးသား ၁ ဦး သေဆုံးပြီး၊ ကား ၂ စီး မီးလောင်

0 2
0 2

ကနီ၊ ဩဂုတ် ၂၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ယာကြီးရွာက ဓာတ်ဆီဆိုင်ကို လေကြောင်းတိုက်ခိုက်ခဲ့လို့ အမျိုးသား ၁ ဦးသေဆုံးပြီး၊ ကား ၂ စီး မီးလောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဩဂုတ်လ ၁ ရက်နေ့ နေ့လယ် ၃ နာရီခန့်က ယာကြီးကျေးရွာကို စစ်ကော်မရှင်တပ်က တိုက်ခိုက်ရေး ဂျတ်လေယာဉ်အပါဝင် ပါရာမော်တာတွေနဲ့ပါ လေကြောင်းက တိုက်ခိုက်ခံခဲ့ရတာလို့ ရွာခံတွေက ပြောပါတယ်။

“မြတ် ဘီယာဆိုင်ရဲ့ မြောက်ဘက်က ဓာတ်ဆီဆိုင်မှာ ကျတာ၊ ပထမက ဖိုက်တာက ဂန့်ဂေါကနေ သွားဝဲပြီး အပြန်မှာ ချသွားတယ်။ ချသွားပြီးတော့ ပါရာမော်တာ တက်တယ်။ ပါရာမော်တာကလည်း အဲဒီနားလေးပဲ ချတာ၊ တနေရာတည်းပဲ၊ ပြည်သူ ၁ ယောက် သေတယ်။” လို့ ရွာခံအမျိုးသားတဦးက ပြောပါတယ်။

ပုံစာ – လေကြောင်းက တိုက်ခိုက်ခံရလို့ မီးလောင်နေသည့် ယာကြီးရွာ ဓာတ်ဆီဆိုင်အား မြင်တွေ့ရစဉ်

သေဆုံးသူဟာ ရင်ဘတ်နဲ့ မျက်နှာတွေ ပွင့်ထားတဲ့ ဒဏ်ရာနဲ့ သေဆုံးသွားကာ ဆီဆိုင်ဘေးက ဆီတင်ကား ၁ စီးနဲ့ အခြားကုန်တင်ကား ၁ စီး မီးလောင်သွားတယ်လို့ ရွာခံအမျိုးသမီးတဦးဆီက သိရပါတယ်။

“ရင်ဘက်နဲ့ မျက်နှာ ပွင့်သွားတယ်တဲ့၊ ဗုံးစ ထိတဲ့လူတွေလည်း ရှိတယ်။ အရေအတွက် သေချာတော့ မသိရသေးဘူး။” လို့ အမျိုးသမီးတဦးက ပြောပါတယ်။

သေဆုံးသူအမျိုးသားက အသက် ၅၀ အရွယ် ဆယ်ရွာချောင်ကျေးရွာက ဦးပေါသီးဆိုသူ အမျိုးသားဖြစ်ပြီး၊ ကားရပ်နားချိန် စျေးဆင်းဝယ်ရာက ပြန်အထွက်မှာ ဗုံးထိမှန် သေဆုံးခဲ့တာလို့ ရွာခံအမျိုးသမီးတဦးက မြေလတ်အသံကို ပြောပါတယ်။

တိုက်ခိုက်ရေးလေယာဉ်နဲ့ ဗုံးကြဲပြီးနောက် ပါရာမော်တာနဲ့ ၂ ကြိမ် ဗုံးကြဲခဲ့ပြီး၊ ၁ ကြိမ်သာ ပေါက်ကွဲခဲ့တာကြောင့် အနီးအနားက နေအိမ်တွေလည်း ထိခိုက်ပျက်စီး သွားတယ်လို့ သိရပါတယ်။

ယာကြီးရွာဟာ မုံရွာ-ယာကြီး-မင်းကင်း-ကလေးဝ လမ်းပိုင်းမှာ ရှိတာဖြစ်ပြီး၊ စည်ကားတဲ့ ရွာကြီးတရွာလည်း ဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။