■ သေဆုံးသူတွေထဲမှာ တပ်ထောက်ခံသူ အမျိုးသမီးပါပြီး၊ ဘီးလင်း က.ပ.စဗိုလ်ကြီးအောင်ကိုဝင်း မိသားစုရဲ့ အိမ်လည်း မီးရှို့ဖျက်ဆီးခံရ
ကြို့ပင်ကောက်၊ သြဂုတ် ၁၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်ထဲမှာ ဇူလိုင်လအတွင်း စစ်ကောင်စီတပ်ရဲ့ လက်ချက်နဲ့ ပြည်သူ ၃ ဦးသေဆုံးကာ၊ လူငယ် ၂ ဦးဖမ်းဆီးခံထားရပြီး၊ ခရစ်ယာန်ဘုရားကျောင်းတကျောင်းနဲ့ နေအိမ် ၆၀ ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့ ကနေ ၃၁ ရက်နေ့အတွင်း သတ်ဖြတ်၊ ဖမ်းဆီး၊ မီးရှို့ဖျက်ဆီးခံခဲ့ရတာဖြစ်ပြီး၊ သေဆုံးသူတွေမှာ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အမျိုးသမီး ၁ ဦးလည်း ဒဏ်ရာရခဲ့ပြီး၊ အမျိုးသားလူငယ် ၂ ဦးဖမ်းဆီးခံရကာ၊ ပြည်သူ့တွေရဲ့ နေအိမ်တွေနဲ့ ဘာသာရေးအဆောက်အဦးတွေ မီးရှို့ဖျက်ဆီးခံခဲ့ရသလို လက်နက်ကြီးထိမှန်လို့ ပျက်စီးခဲ့တာတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
“လက်ရှိအခြေနေက အနီတွေ၊ အစိမ်းတွေရွေးနေတာ မဟုတ်တဲ့အတွက် အာဏာရှင်က သူ့လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်မှာပါ။ ကျေးရွာက အိမ်တွေက ကန်ဦးရွာက ခင်ယူပါလွင်ဆိုတဲ့ အမျိုးသမီး(စစ်တပ်)လော်ဘီ လုပ်လိုက်မှ မီးထဲပါသွားတာဆိုတော့ အမြင်က ရှင်းပါတယ်”လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။

ဒါ့အပြင် စစ်တပ်ပစ်တဲ့ လက်နက်ကြီးကြောင့် သေဆုံးသူ အမျိုးသမီးဟာ စစ်တပ်ထောက်ခံသူတဦးဖြစ်သလို မီးရိူ့ခံရတဲ့ နေအိမ်ထဲမှာလည်း ဘီးလင်း က.ပ.စ ကဗိုလ်ကြီးအောင်ကိုဝင်းမိသားစုရဲ့ နေအိမ်လည်း ပါဝင်တယ်လို့ သူက ဆက်ပြောပါတယ်။
ဖမ်းဆီးခံရသူ လူငယ် ၂ ဦးဟာ ကြို့ပင်ကောက်မြို့နယ် ကံဦးရွာကဖြစ်ပြီး၊ ဇူလိုင် ၂၅ ရက်က မျှစ်ချိုးပြီးပြန်လာချိန် စစ်အုပ်စုက ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့ကလည်း ကြို့ပင်ကောက်မြို့နယ်၊ အလယ်ကုန်းနယ်မြေ ရဲကင်းစခန်းကနေ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် နေအိမ်တွေမှာနေထိုင်ကြတဲ့ ရုံးချောင်းရွာက စစ်တပ်ထောက်ခံသူ အသက် ၃၇ နှစ်အရွယ် ဒေါ်မိုးသီတာဟာ လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့သလို အဲဒီရွာက အသက် ၃၈ နှစ်ရွယ် ဒေါ်ဝင်းဝင်းခိုင်လည်း ခြေထောက်ကို ထိမှန်လို့ ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

ဇူလိုင် ၁၉ ရက်ကလည်း မြို့ကိုင်းရွာက လေဖြတ်ဝေဒနာသည် အသက် ၆၇ နှစ်အရွယ် ဦးစိန်ရွှေကို နေအိမ်နဲ့အတူ မီးရှို့သတ်ခဲ့ပြီး၊ ဇူလိုင် ၈ ရက်မှာ လယ်ထဲကပြန်လာတဲ့ ကျခတ္တန်းကြီးရွာက အသက် ၅၈ နှစ် အရွယ် ဦးကြည်စိုး ကို အကြောင်းမဲ့ ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။
လက်နက်ကြီးထိမှန်လို့ နေအိမ်အဆောက်အဥိီးတွေ ပျက်စီးတာအပြင် အဲဒီရက်တွေအတွင်း စစ်ကြောင်းထိုးတဲ့ လမ်းကြောင်းတလျှောက်က ကျေးရွာတွေကို မီးရိူ့ခဲ့လို့ မြို့ကိုင်းရွာက အိမ် ၃၀၊ ချောင်းဂွရွာက ၁၆ အိမ်နဲ့ ကွက်သစ်ရွာက ၁၈ အိမ်အပါ စုစုပေါင်းအိမ်ခြေ ၆၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရသလို၊ အဲ့ဒီအိမ်တွေထဲမှာ စစ်တပ်ကို အခိုင်အမာထောက်ခံသူတွေရဲ့ နေအိမ်တွေလည်းပါဝင်တယ်လို့ ပြောပါတယ်။

ဒါအပြင် စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးရိုက်နှက်စစ်ဆေးခံရတဲ့ ပြည်သူ အနည်းဆုံး ၅ ဦးထက်မနည်းရှိခဲ့တယ်လို့လည်း ပြောပါတယ်။
စစ်အုပ်စုဟာ ယမန်နေ့ညက ဘော်ဘင်ရွာဘက်ကနေ၊ ဆည်တော်ဦးရွာဘက်ကို လက်နက်ငယ်တွေနဲ့ အဆက်မပြတ် ခြောက်လှန့်ပစ်ခတ်ခဲ့ပြီး၊ သြဂုတ်လ ၁ ရက်နေ့ ဒီကနေ့မနက်ပိုင်းမှာတော့ အင်အား ၈၀ ဦးလောက်နဲ့ ညောင်ပင်သာရွာ ဘုန်းကြီးကျောင်းနဲ့ သခွပ်ပင်၊ ရုံးချောင်းရွာတွေကို လှည့်လည်နေတယ် ဆိုပါတယ်။
စစ်အုပ်စုဟာ ကြို့ပင်ကောက်မြို့အရှေ့ဘက်က အလည်ကုန်းနယ်မြေရဲစခန်းမှာ တပ်အထိုင်ချထားသလို အခုလ ဒုတိယပတ်အတွင်းကစတင်ပြီး စစ်ကြောင်းထိုးနေတဲ့အပြင်၊ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့လည်း အဆက်မပြတ်တိုက်ခိုက်နေလို့ ကျခတ္တန်းကြီးရွာ၊ မင်းဝ၊ မြို့ကိုင်း၊ သခွပ်ပင်၊ ချောင်းဂွ၊ ညောင်ပင်သာ၊ ကွက်သစ်၊ ရင်းတိုက်ကွင်း၊ ဥယျာဉ်ကြီး နဲ့ ရုံးချောင်းသင်ခရိုင်ရွာတွေက ဒေသခံ သောင်းဂဏန်းလောက်ဟာ ဒီနေ့အထိ စစ်ရှောင်နေရဆဲလို့ သိရပါတယ်။