ချောက်၊ မေ ၂၀၊ ၂၀၂၆။
မကွေးတိုင်း၊ ချောက်မြို့အထွက်၊ အေးရွာအနီး ဓာတ်ဆီဆိုင်အရှေ့မှာ စျေးရောင်းသွားတဲ့ အရောင်းဝန်ထမ်း ၂ ဦးကို စစ်ကော်မရှင်တပ်က ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မေ ၁၉ ရက်မနက် ၁၁ နာရီခန့်မှာ အရပ်ဝတ်နဲ့ လက်နက်ကိုင်ဆောင်ထားတဲ့ စစ်ကော်မရှင်အဖွဲ့ဝင်အင်အား ၁၁ ဦးခန့်ဟာ လမ်းသွားလမ်းလာတွေကို စစ်ဆေးနေစဥ် ချောက်မြို့ဘက်ကနေ ထွက်လာတဲ့ “တိုးကြွယ်” အမွှေးတိုင်၊ ဖယောင်းတိုင် ထုတ်လုပ်ဖြန့်ချီရောင်းချရေး ကုမ္ပဏီက ယာဥ်မောင်း အပါအဝင် ၃ ဦးလိုက်ပါလာတဲ့ ကုမ္ပဏီပိုင်ကားကိုတားဆီးပြီး ဝန်ထမ်း ၂ ဦးကို ဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။
“ချောက်မှာစျေးရောင်းပြီး အခြားစျေးကွက်သွားရောင်းဖို့အပြန်မှာ သူတို့(စကမ)တွေက မင်းတို့ ၁၈ နှစ်ပြည့်ပြီဆိုပြီး ခေါ်သွားတယ်။ စုံစမ်းမေးကြည့်တော့ ထွေအုပ်ဝန်ထမ်းတွေကပြောတယ် သူတို့ကတိုင်းခြားဖြစ်နေတော့ စစ်မှုထမ်းခေါ်လို့မရဘူးလည်းပြောတယ်။ မရရင်ပြန်လွှတ်ပေါ့ဗျာ။ ထွေအုပ်ကိုမေးတော့ ခရိုင်ရဲကလွှတ်ပေးမှ။ ရဲကိုမေးတော့လည်း ထွေအုပ်ကလွှတ်ပေးမှဆိုပြီး ပြောနေကြတယ်။ အခုတောင်ဆက်သွယ်လို့မရတော့ဘူးဖြစ်နေတယ်”လို့ မြို့ခံတဦးက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ဧရာဝတီတိုင်းဇာတိသား အသက် ၂၀ အရွယ် အရောင်းစာရေး မောင်လင်းကောင်းခန့်၊ မောင်အောင်အောင်ဦးတို့ဖြစ်ပြီး ရန်ကုန်ကနေ ချောက်မြို့ကို စျေးရောင်းထွက်လာချိန် ခုလိုဖမ်းဆီးခံရတာလို့ ဆိုပါတယ်။
လက်ရှိမှာတော့ ဝန်ထမ်း ၂ ဦးကို ချောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ ဖမ်းဆီးထားပြီး ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်နေပြီး ယာဥ်မောင်းကတော့ အသက်အရွယ်ကြီးနေတာကြောင့် ကားနဲ့ယာဥ်မောင်းကိုတော့ ပြန်လွှတ်ပေးထားတယ်လို့ ဆိုပါတယ်။
အခုလို နယ်ထွက်စျေးရောင်းတဲ့ ကုမ္ပဏီဝန်ထမ်းတွေကို စစ်ကော်မရှင်ဘက်က ဖမ်းဆီးပြီး စစ်မှုထမ်းတွေထဲ ထည့်ဖို့ ကြိုးစားလာနေတဲ့အပေါ် ရေရှည်မှာ ဝန်ထမ်းတွေက နယ်ကျော်စျေးရောင်းထွက်ဖို့ ကြောက်လန့်လာနိုင်ပြီး ထုတ်လုပ်ထားတဲ့ကုန်ပစ္စည်းတွေ မရောင်းချမဖြန့်ဖြူးနိုင်ပါက ကုမ္ပဏီတွေ လုပ်ငန်းပြိုလဲသွားနိုင််တယ်လို့ ကုမ္ပဏီနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ဖမ်းဆီးခံရတဲ့ အရောင်းဝန်ထမ်း ၂ ဦးပြန်လည်လွတ်မြောက်လာဖို့ ကုမ္ပဏီဘက်က ကြိုးစားနေပေမယ့် မေလ ၂၀ ရက်အထိ ပြန်လွတ်လာတာမရှိသေးဘူးလို့ သိရပါတယ်။
စာတည်း – လင်း