ဝက်လက်မှာ နွားကျောင်းထွက်တဲ့ အမျိုးသမီး ၁ ဦးမိုင်းထိလို့ ဒဏ်ရာရ

0 0
0 0

ဝက်လက်၊ မေ ၂၀၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မင်းကန်ကျေးရွာအနီးမှာ နွားကျောင်းထွက်တဲ့ အမျိုးသမီး ၁ ဦး မိုင်းထိပြီးဒဏ်ရာရခဲ့တယ်လို့ ရွာခံတွေဆီက သိရပါတယ်။

မိုင်းထိသူဟာ မင်းကန်ရွာမှာနေထိုင်တဲ့ အသက် ၂၃ နှစ်အရွယ် မကလေးလေး (ခ) သူဇာမြင့်ဖြစ်ပြီး မေ ၁၉ ရက် ညနေ ၃ နာရီခန့်မှာ ကျေးရွာအနောက်တောင်ဘက် နွားကျောင်းထွက်ချိန် မိုင်းထိခဲ့တာလို့ ဆိုပါတယ်။

“သူက အဲ့ဘက်မှာနွားကျောင်းတာ။ နဂိုကလည်း သူကနွားကျောင်းနေကျ။ သူထိတာက လက်လုပ်မိုင်း။ ကွန်ကျူးပိုက်တွေနဲ့လုပ်တဲ့မိုင်းပါ” လို့ ရွာခံတဦးကပြောပါတယ်။

မိုင်းထိတဲ့အတွက် အဲ့ဒီအမျိုးသမီးရဲ့တင်ပါးနဲ့လက်ဖျံတို့မှာ မိုင်းစမှန်ဒဏ်ရာရခဲ့ပြီး နွားမ ၁ ကောင်ကတော့နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အခုမိုင်းထိတဲ့ကျေးရွာအနီးကို စစ်ကော်မရှင်စစ်ကြောင်းဝင်ရောက်ဖူးတာမရှိဘဲ ပေါက်ကွဲတဲ့မိုင်းဟာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထောင်တတ်တဲ့မိုင်းမျိုးဖြစ်တယ်လို့ အထက်ပါရွာခံက ခန့်မှန်းပါတယ်။

ဒဏ်ရာရအမျိုးသမီးကိုတော့ နီးစပ်ရာဆေးခန်းမှာဆေးကုသနေရပြီး ဒဏ်ရာကတော့ မစိုးရိမ်ရဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်ကလည်း ပွင့်ဖြူမြို့နယ်၊ မလယ်ကျေးရွာနေ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး ကျေးရွာနဲ့ ၁ မိုင်အကွာတောစပ်ကို ထင်းခုတ်သွားချိန် မိုင်းထိပြီး ခြေထောက်ပြတ်ခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။