■ ရွှေမျောလုပ်ငန်းတွေရပ်ထားပြီး လုပ်သားထောင်နဲ့ချီထွက်ပြေးနေ
မင်းကင်း၊ မတ် ၁၉၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ရွာဘရွာနဲ့မြောက်ချွန်းကျေးရွာအကြား ချင်းတွင်းမြစ်အတွင်းမှာရှိတဲ့ ရွှေမျောတွေ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရလို့ လုပ်သား ၁ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မတ်လ ၁၈ ရက် ယမန်နေ့ နေ့လယ် ၂ နာရီခန့်မှာ စစ်တပ်တိုက်လေယာဥ် ၁ စီးက ချင်းတွင်းမြစ်အတွင်း ရွှေမျောလုပ်ကွက်တွေကို ဗုံး ၃ လုံးကြဲချခဲ့ရာ သောင်ခုံတွေပေါ်ကျရောက်ပေါက်ကွဲတာလို့ ဆိုပါတယ်။
“လေယာဥ်ကပတ်ဝဲပြီးမှ ချသွားတာ။ ၁ ယောက်က ရင်ဘတ်ပွင့်ပြီးသေသွားတာ။ ၃ ယောက်က ဒဏ်ရာများတယ်။ သေဆုံးထိခိုက်တာက မျောသားတွေ။ အလယ်သောင်ပေါ်မှာ ချသွားတာ” လို့ ရွာဘရွာခံတဦးက မြေလတ်အသံကို ပြောပါတယ်။
လေယာဥ်ဗုံးစထိမှန်တာကြောင့် ရွှေမျောဖောင်တွေမှာဝင်ရောက်လုပ်ကိုင်နေတဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသား ၁ ဦးနေရာမှာသေဆုံးပြီး အသက် ၂၀ က နေ ၃၀ ကြားအမျိုးသား ၃ ဦး ပြင်းထန်ဒဏ်ရာတွေရခဲ့တာပါ။
ဗုံးကြဲခံရတာကြောင့် ရွှေမျောတွေမှာလုပ်ကိုင်နေတဲ့ လုပ်သားထောင်ချီဟာ နီးစပ်ရာကျေးရွာတွေနဲ့ တောစပ်တွေဆီ ထွက်ပြေးပြောင်းရွှေ့နေကြပြီး ရွှေမျောလုပ်ငန်းတွေလည်းရပ်ထားကြတယ်လို့ သိရပါတယ်။
စစ်အာဏသိမ်းပြီးနောက်ပိုင်း မင်းကင်းမြို့နယ်၊ ရွာဘ၊ မြောက်ချွန်းအပါအဝင် အနီးအနားကျေးရွာတွေက ချင်းတွင်းမြစ်အတွင်းမှာ ရွှေမျောတွေလာရောက်လုပ်ကိုင်သူတဖြည်းဖြည်းများလာရာမှ လက်ရှိအထိ ရွှေတူးနေတဲ့ ရွှေမျောအရေအတွက် ၇၀၀ ထက်မနည်းရှိတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၂ ရက်ကလည်း မင်းကင်းမြို့နယ်၊ လောင်းပြည့်ကျွန်းရွာအနီးရွှေမျောတွေကို စစ်ကော်မရှင်က လေကြောင်းကနေဗုံးကြဲခဲ့လို့ ပြည်သူ ၁၃ ဦးဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။