စစ်တပ်ဂိတ်ကို လမ်းမှားဝင်သွားတဲ့ခရီးသည်တင်ကား ပစ်ခတ်ခံရပြီး ယာဥ်မောင်းသေဆုံး

0 4
0 4

မုံရွာ၊ ဖေဖော်ဝါရီ ၂၃၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ သာစည်ဘုရားမုခ်ပေါက်အနီးရှိ စစ်ကော်မရှင်ဂိတ်အနီးကို လမ်းမှားဝင်သွားတဲ့ ခရီးသည်တင်ကားကို စစ်ကော်မရှင်တပ်တွေကပစ်ခတ်ခဲ့တာကြောင့် ယာဥ်မောင်း ၁ ဦးသေဆုံးခဲ့တယ်လို့ ဖြစ်စဥ်ကိုသိရှိတဲ့ ဒေသခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက် ည ၈ နာရီမိနစ် ၄၀ လောက်မှာ မန္တလေးကနေ ဗန်းမော်ကိုသွားမယ့် ယာဥ်မောင်းအပါအဝင် လူ ၆ ဦးလိုက်ပါလာတဲ့ ‘ဗန်းမော်မန်း’ ခရီးသည်တင်ယာဥ်ဟာ မုံရွာမြို့ပေါ်မှာ ကွမ်းခြင်းတွေတင်ပြီးထွက်လာချိန်မှာ စစ်ကော်မရှင်ဂိတ်နဲ့တွေ့ပြီး ပစ်ခတ်ခံရတာလို့ ဆိုပါတယ်။

“ကားသမားက ကွင်းတဲ့လမ်းကိုမသိဘဲနဲ့ မှားဝင်သွားတာဖြစ်နိုင်တယ်။ မုံရွာမြို့ထဲကနေ ၇ နာရီမထိုးခင် ထွက်လို့ရတယ်။ ပုံမှန်ဆို ကွင်းလမ်းကနေသွားရင် ပြသနာမရှိဘူး။ သာစည်ဂိတ်ဘက်ကို ဝင်သွားတော့ ညပိုင်းက သူတို့ဘက်ကို ဘယ်ကားမှမလာတော့ ရပ်တော့ရပ်ခိုင်းသေးတယ်ပြောတယ်။ ကားသမားက နားကနည်းနည်းလေးတော့ မကြားတာနေမယ်”လို့ ဖြစ်စဥ်ကိုသိထားတဲ့ ဒေသခံတဦးက ပြောပါတယ်။

ဒီပစ်ခတ်မှုကြောင့် ယင်းမာပင်မြို့နယ်မှာနေထိုင်သူ အသက် ၅၂ နှစ်အရွယ် ယာဥ်မောင်းအမျိုးသား ၁ ဦး ကျည်ထိမှန်သေဆုံးပြီး အလောင်းကိုလည်း ဖေဖော်ဝါရီ ၂၂ ရက်မနက်ပိုင်းမှ လူမှုကူညီရေးအသင်း ၁ ခုက လာသယ်သွားပြီးနောက် အဲ့ဒီနေ့မှာပဲ မုံရွာဆေးရုံကတဆင့် မိသားစုတွေက ပြန်သယ်သွားပြီလို့ သိရပါတယ်။

ပစ်ခတ်မှုကြောင့် ကားလေကာမှန်နဲ့ ကားခေါင်းပိုင်းတွေမှာ ကျည်ထိပျက်စီးခဲ့ကာ ပစ်ခတ်ပြီးနောက် ကားပေါ်ပါ စပယ်ယာ(ယာဉ်နောက်လိုက်)နဲ့ ကလေးငယ် ၁ ဦးအပါ စုစုပေါင်းခရီးသည် ၄ ဦးတို့ကိုလည်း စစ်ကော်မရှင်တပ်သားတွေကစစ်ဆေးပြီး ဖေဖော်ဝါရီ ၂၂ ရက်မနက်မှာ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၃ ရက်ကလည်း မုံရွာမြို့၊ သာစည်လမ်းပေါ် TTC ကျောင်းအနီးမှာ စစ်ကော်မရှင်တပ်တွေက အိမ်စီးကား ၁ စီးကို ပစ်ခတ်ရာ ကားပေါ်ပါသူ ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။