မိုင်းအတုကို လာရှင်းတဲ့ စစ်ကောင်စီအဖွဲ့ မိုင်းအစစ်ဆွဲခံရလို့ ၄ ဦးသေဆုံးဟုဆို

0 1
0 1

မန္တလေး၊ ဇွန် ၁၆၊ ၂၀၂၃။

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ဂွေးပင်ရိုးကျေးရွာအနီးမှာ မိုင်းအတုကို လာရှင်းတဲ့ စစ်ကောင်စီအဖွဲ့ မိုင်းအစစ်ဆွဲတိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံးခဲ့တယ်လို့ 27 Revolution Forces အဖွဲ့ဆီက သိရပါတယ်။

ဇွန်လ ၁၅ ရက် နေ့လယ် ၁ နာရီခန့်မှာ ဂွေးပင်ရိုးကျေးရွာအနီး၊ မြင်းခြံ – တောင်သာသွား ကားလမ်းဘေးမှာ PDF တွေဘက်က အယောင်ပြထောင်ထားတဲ့ မိုင်းအတုကို တောင်သာဘက်ကနေ အင်အား ၂၀ လောက်နဲ့ မိုင်းလာဖြုတ်ခဲ့ရာမှာ တိုက်ခိုက်ခံခဲ့ရတာလို့ ဆိုပါတယ်။

“မိုင်းအတုကိုတော့ မြင်သာအောင်ထောင်ထားတော့ သူတို့လူတွေ သတင်းပို့လို့ လာဖြုတ်ကြတယ်။ မိုင်းအစစ်တွေက မြေမြှုပ်ထားတာ။ အချို့က မိုင်းဖြုတ်နေတဲ့အချိန်၊ အချို့က ခပ်လှမ်းလှမ်းကနေ နေကြတာ။ သူတို့က လေးဘက်ထောက်မိုင်းဖြုတ်နေတဲ့အချိန် မိုင်းအစစ်ကို ဆွဲပစ်လိုက်တာ”လို့ 27 Revolution Forces တာဝန်ရှိသူက ပြောပါတယ်။

မိုင်းဆွဲခံရလို့ စစ်ကောင်စီဘက်က ၄ ဦးသေဆုံးသွားတာကို မျက်မြင်တွေ့ရပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ သူကဆက်ပြောပါတယ်။

မိုင်းထိလို့ သေဆုံးသွားသူတွေကိုတော့ တောင်သာဘက်က လူမှုကူညီရေးအသင်းကားတွေကို စစ်ကောင်စီဘက်က ခေါ်ပြီး တင်သွားတယ်လို့ သိရပါတယ်။

အဲဒီမိုင်းဆွဲမှုကို မြင်းခြံခရိုင် တပ်ရင်း ၁၊ 27 Revolution Forces၊ နွားထိုးကြီး ပကဖ အဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

အဲ့ဒီနောက် မနေ့ညပိုင်းမှာတော့ ဂွေးပင်ရိုးကျေးရွာနဲ့တမိုင်ခန့်အကွာရှိ ဖက်တောရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့က တညလုံးနီးပါး သေနတ်တွေပစ်ဖောက်နေခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၁၁ ရက် ညနေပိုင်းကလည်း မြင်းခြံမြို့နယ်၊ တူရွင်းဘိုကျေးရွာနဲ့ သစ်ရုံကျေးရွာကြားမှာ PDF တွေထောင်ထားတဲ့ မိုင်းတွေသိမ်းပြီး ပြန်လာတဲ့ စစ်ကောင်စီအဖွဲ့ ပဒေသာမိုင်းထိပြီး ၇ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။