မြေလတ်အသံ၊ ဇန်နဝါရီ ၁၉၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ စိုင်းပြင်ကျေးရွာကို စစ်ကော်မရှင်တပ်က ဇန်နဝါရီ ၁၉ ရက်မနက် ၁၁ နာရီကျော်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
စိုင်ပြင်ကျေးရွာတောက်ဘက်အထွက်ရှိ မူးသစ်ရေလွှတ်ဆည်မြောင်းအနီးကို တိုက်ခိုက်ရေးလေယာဥ် ၁ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၄၀ နှစ်အရွယ်အမျိုးသား ၁ ဦး သေဆုံးပြီး ၃၀ နှစ်အရွယ်အမျိုးသား ၁ ဦး ဒဏ်ရာရရှိခဲ့တာလို့ ဆိုပါတယ်။


“စိုင်းပြင် မြို့တောင်ဘက်အထွက် မူးသစ်ရဲ့တောင်ဘက်ပါ။ ပစ်သွားတာကတော့ ရော့ကတ်နဲ့ စက်လတ်လို့ ခန့်မှန်းရပါတယ်။ ပစ်ခတ်အပြီး နေအိမ်တချို့မီးလောင်တယ်။ ၁ ယောက် ပွဲချင်းပြီးသေတယ်။ နောက် ၁ ယောက်က်ကတော့ ဒဏ်ရာရတာ မစိုးရိမ်ရ။” လို့ ဒီပဲယင်းဒေသခံ အမျိုးသားတဦးက ပြောပါတယ်။
တိုက်ပွဲဖြစ်တာမရှိဘဲ စိုင်းပြင်ကျေးရွာကို အခုလိုလေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် လူနေအိမ် ၃ လုံးလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ သူကဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်ကလည်း ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးကျေးရွာရှိ စစ်ဘေးရှောင်တွေ ခိုလှုံနေကြတဲ့ စာသင်ကျောင်းဆောင်ကို စစ်ကော်မရှင်တပ်ကလေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် စစ်ရှောင်အမျိုးသား ၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ ဒီပဲယင်းမြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ မကြာခဏ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသအတွင်းရှိပြည်သူတွေအနေနဲ့ လေကြောင်းသတိအမြဲရှိပြီး လေကြောင်းသတင်းကြားရင် ဘေးလွတ်ရာနေရာတွေမှာ အထူးဂရုစိုက်နေထိုင်ကြဖို့ ဒီပဲယင်းမြို့နယ်ရှိတော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။
စာတည်း – လင်း