စစ်တပ်ခေါ်ထုတ်သွားတဲ့ ကျိုက်စကောထောင်နိုင်ကျဉ်းတွေထဲက ပဲခူးပကဖစုဆောင်းရေးတာဝန်ခံ သေဆုံး

0 1
0 1

ပဲခူး၊ မေ ၂၉၊ ၂၀၂၃။

ပဲခူးတိုင်း၊ ဒိုက်ဦးနဲ့ပဲခူးမြို့အကြားရှိ ကျိုက်စကောအကျဉ်းထောင်ကနေ စစ်ကောင်စီတပ်က ခေါ်ထုတ်သွားတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက ပဲခူးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-BDF လေ့ကျင့်စုဆောင်းရေးတာဝန်ခံ သေဆုံးသွားတယ်လို့ သိရပါတယ်။

သေဆုံးသွားသူဟာ အသက် ၃၀ နှစ်ဝန်းကျင် ပဲခူးပကဖ လေ့ကျင့်စုဆောင်းရေးတာဝန်ခံ ကိုသန့်ဇင်ဝင်း ဆိုသူဖြစ်ပြီး မေလ ၂၅ ရက်နေ့က သူနဲ့အတူနိုင်ကျဉ်း ၃ ဦးကို ခေါ်ထုတ်သွားပြီးနောက် မေလ ၂၈ ရက် မနေ့မှာ သေဆုံးသွားတာကို အတည်ပြုနိုင်ခဲ့တယ်လို့ Bago Region PDF ပြန်ကြားရေးတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

“ကိုသန့်ဇင်ဝင်း ကျဆုံးသွားတယ်ဆိုတာ အတည်ပြုနိုင်တာက မနေ့ကပါ။ စစ်တပ်ဘက်က သူ့မိသားစုကို အပူရှပ်သေတယ်ဆိုပြီး အကြောင်းကြားတယ်လို့သိရတယ်။ ဒါပေမယ့်ကျနော်တို့ ဖရဲသီးဆီက ပြန်သိရတဲ့သတင်းအရတော့ ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာနဲ့သေတယ်လို့ သိရတယ်။ အလောင်းကိုလည်း မိသားစုက ပြန်မရဘူး” လို့ ပြောပါတယ်။

မေလ ၂၅ ရက်နေ့မှာ ကျိုက်စကောထောင်ကနေ ကိုသန့်ဇင်ဝင်းပါ နိုင်ကျဉ်း ၃ ဦးကို စစ်ဆေးစရာရှိတယ်ဆိုကာ စစ်တပ်ဘက်က ခေါ်ထုတ်သွားခဲ့ပြီးနောက် ကိုသန့်ဇင်ဝင်း သေဆုံးသွားခဲ့ပြီး ဘာကြောင့်သေဆုံးခဲ့တယ်ဆိုတာကိုတော့ မြေလတ်အသံက အတည်မပြုနိုင်သေးသလို ကျန် နိုင်ကျဉ်း ၂ ဦးရဲ့အခြေအနေကိုတော့ မသိရသေးပါဘူး။

ကိုသန့်ဇင်ဝင်းသေဆုံးမှုနဲ့ပတ်သက်ပြီး ပဲခူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-BDF က မေလ ၂၇ ရက်စွဲနဲ့ သဘောထားထုတ်ပြန်ထားပြီး ကျိုက်စကောထောင်ကနေ စစ်တပ်ခေါ်ထုတ်သွားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အသက်အန္တရာယ်ရင်ဆိုင်နေရကာ စိုးရိမ်ရတယ်လို့ဆိုပါတယ်။

ကိုသန့်ဇင်ဝင်းဟာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့က ပဲခူးမြို့နယ်အတွင်းမှာပဲ အခြားပဲခူးပကဖအဖွဲ့ဝင်တွေနဲ့အတူ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးတာခံလိုက်ရပြီးတဲ့နောက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၁၊ ၅၂၊ ၅၄ တွေအပါအဝင် အခြားပုဒ်မတွေနဲ့ ထောင်ဒဏ် နှစ် ၈၀ ကျော် ချမှတ်ခံထားရသူ ဖြစ်ပါတယ်။

မေလ ၂၅ ရက်ကစတင်လို့ ကျိုက်စကောအကျဉ်းထောင်နိုင်ငံရေးအကျဉ်းသားတွေကို စစ်တပ်က ခေါ်ထုတ်စစ်ဆေးမှုတွေလုပ်ဆောင်နေတာဟာ ၂၀ ဦးထက်မနည်းရှိပြီဖြစ်ပြီး အဲ့ဒီနိုင်ကျဉ်းတွေလည်း အကျဉ်းထောင်ကို ပြန်မရောက်သေးတဲ့အပြင် ဘယ်နေရာမှခေါ်ယူစစ်ဆေးနေတယ်ဆိုတာကိုလည်း အဆက်အသွယ်မရလို့ အသက်အန္တရာယ်စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။