ရွှေဘိုမြို့သစ်တောဦးစီးဌာနက ဦးစီးအရာရှိ အသတ်ခံရ

0 1
0 1

စစ်ကိုင်း၊ မေ ၂၉၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဖြစ်သူကို မေလ ၂၈ ရက် မနက် ၁၀ နာရီလောက်မှာ ဦးခေါင်းပြတ်သေဆုံးနေတာကို တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူမှာ ဦးစီးအရာရှိ ဦးမျိုးသန့်ဇင်ထွန်း ၄၂ နှစ်ဖြစ်ပြီး၊ သူ့ရဲ့ရုပ်အလောင်းကို ဒေသခံတွေက ချီပါကျေးရွာအနီး မြစ်ကမ်းစပ်မှာ တွေ့ရှိခဲ့တာလို့ ရွှေဘိုမြို့ခံအမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။

“အလောင်းက ဖူးရောင်ပြီးတော့ အနံ့တွေထွက်လို့၊ ဒေသခံတွေက မူးမြစ်ဘေးမှာတွေ့ခဲ့တာ။ အလောင်းမှာ နောက်ပြန်ကကြိုးချည်ထားတယ်။ ဦးခေါင်းကတော့ မပါတော့ဘူး။ အဲ့အလောင်းကို တွေ့ချင်းမှာဘဲ စကစတွေနဲ့ နာရေးကားတွေရောက်လာပြီး ရေထဲကဆယ်ယူပြီးတော့ ကားနဲ့ဆေးရုံကို တင်သွားကြတယ်။ ကျနော်တို့ နောက်မှသိရတာကတော့ သစ်တောဌာနက တောအုပ်ကြီးတဲ့” လို့ ဆိုပါတယ်။

ဦးစီးအရာရှိ ဦးမျိုးသန့်ဇင်ထွန်း အသတ်ခံရတာနဲ့ပတ်သက်လို့ ရွှေဘိုမြို့ပေါ်က UG အဖွဲ့တချို့နဲ့ ရွှေဘိုမြို့နယ် LPDF အဖွဲ့တချို့ကို မြေလတ်အသံက ဆက်သွယ်မေးမြန်းခဲ့ရာ အဆိုပါကိစ္စကို သူတို့ (UG/PDF) အနေနဲ့ လုပ်တာမဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။

“ကျနော်တို့လည်း တောအုပ်ကြီးအသတ်ခံရတာကို ကြားရတယ်ဗျ။ သူ့ကို ကျနော်တို့ သတ်တာမဟုတ်သလို ဘယ်အဖွဲ့ကသတ်သွားတယ် ဆိုတာကိုလည်း မသိဘူးဗျ”လို့ ရွှေဘိုဒေါင်းမာန်အဖွဲ့နဲ့ Shwebo Local PDFမှ တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေမှာတော့ ဦးမျိုးသန့်ဇင်ထွန်းမှာ မေလ ၂၇ ရက်ည ၅ နာရီကျော်က တူမဖြစ်သူကို ရွှေဘို-ရေဦးကားလမ်းမြို့ဘေးရှိ ငါးသားဖောက်စခန်းမှာ နေထိုင်တဲ့ အစ်မဖြစ်သူဆီလာပို့ချိန် သူ့ယောက်ဖဖြစ်သူ ငါးဦးစီးမှူးကို ဖမ်းဆီးဖို့ရောက်နေတဲ့ ချီပါကျေးရွာ PDF အဖွဲ့က အဆိုပါငါးဦးစီးမှူးကို မတွေ့တာကြောင့် ဦးမျိုးသန့်ဇင်ထွန်းကို ဖမ်းခေါ်သွားပြီး သတ်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဦးမျိုးသန့်ဇင်ထွန်းကို ဘယ်အဖွဲ့အစည်းက သတ်ခဲ့တယ်ဆိုတာကို သီးခြားအတည်မပြုနိုင်သေးသလို ဒီဖြစ်စဥ်နဲ့ ပက်သက်ပြီး ချီပါကျေးရွာ PDF ကို မေးမြန်နိုင်ဖို့ကိုလည်း မြေလတ်အသံက ကြိုးစားနေပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။