နွားထိုးကြီးမှာ စက်တပ်လေထီးနဲ့ဗုံးကြဲလို့ သက်ကြီးပိုင်းအဘွား ၁ ဦးအပါ ၄ ဦးသေဆုံး

0 31
0 31

နွားထိုးကြီး၊ အောက်တိုဘာ ၂၀၊ ၂၀၂၅။

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ပဲချက်ကျေးရွာကို စက်တပ်လေထီးနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၄ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့တယ်လို့ နွားထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

အောက်တိုဘာ ၁၉ ရက်မနက် ၆ နာရီခန့်မှာ မိတ္ထီလာလေတပ်ဘက်ကလာတဲ့ စက်တပ်လေထီး ၃ စီးဟာ ပဲချက်ရွာထဲကို ဗုံး ၅ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“ရွာထဲ ကျတာပါဗျ။ စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေကို စကစ အနေနဲ့ ရည်ရွယ်ချက်ရှိရှိ ပြည်သူကို ဦးတည်တိုက်ခိုက်တာပါ။ ထိတဲ့သူတွေက အိပ်နေကြတာပါဗျ။ အိမ်ပေါ်တည့်တည့် ကျတာ။”လို့ နွားထိုးကြီး ပကဖပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

ဗုံးစထိမှန်ပြီး တအိမ်တည်းနေ အသက် ၅၅ နှစ်အရွယ် ဦးကျော်နိုင် နဲ့ ဇနီးဖြစ်သူ ဒေါ်ခင်သန်းနု၊ အသက် ၅၇ နှစ်အရွယ် ဦးခင်မောင်ဝင်း၊ အသက် ၉၁ နှစ်အရွယ် ဒေါ်ခင်တင့်တို့ ၄ ဦးဟာ နေရာမှာပင်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အသက် ၁၀ နှစ်အရွယ် မဂျူဂျူးကို၊ အသက် ၄၅ နှစ်အရွယ် ဒေါ်ရွှေဝါထွန်းတို့ ဒဏ်ရာရပြီး နေအိမ် ၆ လုံးလည်းပျက်စီးသွားတယ်လို့ သိရပါတယ်။

ခုလိုဗုံးကြဲလို့ အိမ်ခြေ ၁,၀၀၀ ကျော်ရှိတဲ့ ပဲချက်ရွာက ပြည်သူအများစုက ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ရပြီး အနည်းစုလောက်ကရွာထဲမှာပဲ ဆက်လက်နေထိုင်နေကြတယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၁၇ ရက်ကလည်း နွားထိုးကြီးမြို့နယ်၊ ဘုရားကြီးကျေးရွာမှာ လက်နက်ကြီးထိမှန်လို့ နေအိမ်ထဲအိပ်နေတဲ့ သက်ကြီးမောင်နှမ ၂ ဦးသေဆုံးခဲ့တယ် သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။