⁨PDF ၄ ဦးစစ်တပ်ဆီ ဘက်ပြောင်းပြီးနောက် အညာမြေတပ်ပေါင်းစုစခန်းခွဲ ဗုံးကြဲခံရလို့ တပ်ဖွဲ့ဝင် ၃ ဦးကျဆုံး(ရုပ်/သံ)

0 9
0 9

ပခုက္ကူ၊ စက်တင်ဘာ ၂၉၊ ၂၀၂၅။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှီ အညာမြေတပ်ပေါင်းစုအဖွဲ့ရဲ့ စခန်းခွဲ ၁ ခုပေါ်ကို ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် တပ်ဖွဲ့ဝင် ၃ ဦးကျဆုံးခဲ့တယ်လို့ အဲ့ဒီအဖွဲ့ရဲ့သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

စက်တင်ဘာ ၂၈ ရက်မနေ့ကည ၇ နာရီဝန်းကျင်မှာ တပ်မ ၁၀၁ ဘက်ကလာတဲ့ ပါရာမော်တာ ၁ စီးပေါ်ကနေ ၁၂၀ မမ ဗုံးသီး ၂ လုံးကြဲချရမှာ စခန်းပေါ်ကျရောက်ပြီး တပ်ဖွဲ့ဝင်တွေကျဆုံးခဲ့ကြတာပါ။

“၁၀၁ ကတက်လာတဲ့ ပါရာမော်တာကနေမှ ပခုက္ကူမြို့နယ်ထဲက စခန်းခွဲကို ဗုံးသီး ၂ လုံးချလိုက်တာပေါ့။ ကံဆိုးစွာနဲ့ ကျနော်တို့ရဲဘော်တွေပေါ်ကို တည့်တည့်ကျပြီးတော့ စုစုပေါင်းရဲဘော် ၃ ယောက်ကျ သွားတာ၊ စခန်းမှာတခြားသူတွေရှိတာပေါ့ တခြားသူတွေကတော့ကံကောင်းစွာနဲ့လွတ်သွားတယ်။ “လို့ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

ဗုံးထိမှန်ပြီး စခန်းမှူးနဲ့တပ်စိတ်မှူးဖြစ်သူ အသက် ၂၀ အရွယ် တပ်ဖွဲ့ဝင်သေမင်း၊ အညာမြေတပ်ပေါင်းစုရဲ့ ပူးပေါင်းအဖွဲ့ဖြစ်တဲ့ God of Myaing မှ ၁၈ နှစ်အရွယ် တပ်ဖွဲ့ဝင်ဗလနဲ့ PL PDF မှ ၃၄ နှစ်အရွယ် တပ်ဖွဲ့ဝင်နိုင်ကြီးတို့ ကျဆုံးခဲ့ကြတာပါ။

“လေကြောင်းကတော့ပုံမှန်တော့ ကျနော်တို့ပခုက္ကူခရိုင်အတွင်းပဲဆိုပါစို့။ သူ့တို့သတင်းရတဲ့ နေရာမျိုးတွေဆိုရင်တော့ ပါရာမော်တာ၊ Y12၊ ဂျက်ဖိုက်တာတွေနဲ့ ပုံမှန်ကြဲတယ်။ အခုဟာကတော့ အတိအကျသတင်းရတဲ့ ပုံစံမျိုးနဲ့ ကြဲလိုက်တော့ အထိခိုက်တွေလဲများသွားတာပေါ့” လို့ သူက ပြောပါတယ်။

ခုလိုတိုက်ခိုက်ခံရတာဟာ ပြီးခဲ့တဲ့စက်တင်ဘာ ၁၉ ရက်မှာ စစ်ကော်မရှင်တပ်ဆီ ဘက်ပြောင်းသွား တဲ့ တပ်ဖွဲ့ဝင် ၄ ဦးရဲ့ သတင်းပေးမှုကြောင့်ဖြစ်နိုင်ကာ အဲ့ဒီတပ်ဖွဲ့ဝင်တွေကလည်း အညာမြေတပ် ပေါင်းစုစခန်းကို ဝင်ထွက်ခဲ့ဖူးသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

“ပြီးခဲ့တဲ့ ၁၉ ရက်နေ့တုန်းက ဒီနယ်မြေထဲက **ဘက်ကိုကူးသွားတဲ့ ၄ ယောက်က ကျနော်တို့ စခန်းကတော့ မဟုတ်ဘူး။ သူတို့တော်လှန်ရေးရဲဘော်ဘဝက ကျနော်တို့စခန်းတွေကို အဝင်အထွက်ရှိခဲ့တယ်။ ဒီရဲဘော်တွေရဲ့ တိကျစွာသတင်းပေးမှု တိကျစွာလိုကေးရှင်းချနိုင်မှုကြောင့် ကျနော်တို့ရဲဘော်တွေ ဆုံးရှုံးသွားတယ်လို့ ကောက်ချက်ချပြီးသုံးသပ်ထားပါတယ်”လို့ ကိုဘိုဘိုသန့်ဇင်ပြောပါတယ်။

စက်တင်ဘာ ၁၉ ရက်မှာ ညောင်ဂျစ်ပင်ရွာရွာရှိ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဆီကို ပခုက္ကူခရိုင်တွင်း မှ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဖြစ်တဲ့ မြတ်ကြီး၊ ငလင်း၊ ဖြိုးဇက်နဲ့ နိုင်းဝမ်း တို့ဟာ သေနတ် ၅ လက် ယူဆောင်သွားပြီး ဘက်ပြောင်းသွားခဲ့ကြတာလို့ ကိုဘိုဘိုသန့်ဇင်ကဆိုပါတယ်။

ကျဆုံးတပ်ဖွဲ့ဝင်တွေဟာ လေကြောင်းတိုက်ခိုက်ချိန်အတွင်း စခန်းတွင်းရှိ ကျန်တပ်ဖွဲ့ဝင်တွေကို လုံခြုံတဲ့နေရာကိုတိမ်းရှောင်နိုင်ဖို့ လုပ်ဆောင်ပေးနေစဥ်မှာ ဗုံးထိမှန်ခဲ့ကြတာလို့ ကိုဘိုဘိုသန့်ဇင် က ပြောပါတယ်။

“သူတို့ရဲ့ အဓိကတာဝန်ကိုက အဲ့လိုမျိုးပူးတွဲပြီးပါခဲ့တာဆိုတော့ သူတို့ ၃ ယောက်လုံးက သေမင်း ကတော့ အဓိက၊ သူက အသက်တော့ငယ်တယ်၊ သူကကွန်မန်ဒါ လုပ်ရတဲ့သူဆိုတော့ သူတို့ကိုယ်တိုင် ဆေ့ဇုန်ထဲကို မဝင်လိုက်နိုင်သေးခင်လေးမှာ ဖြစ်သွားတာပေါ့။ ပါရာမော်တာတွေရဲ့ ထုံးစံကတော့ ကိုယ့်ကိုကိုယ် ဦးစားပေးပြီးတော့လုံခြုံအောင်လုပ်မယ်ဆိုရင်တော့ သူကအများကြီးပြင်ဆင်ချိန် ရှိတယ်”လို့ ဆိုပါတယ်။

ပုံမှန်အခြေအနေတွေမှာ လုံခြုံရေးကို အထူးဂရုစိုက်နေထိုင်ခဲ့ကြပေမယ့် သတင်းပေးကြောင့် ခုလိုတိုက်ခိုက်ခံရတာဖြစ်ပြီး လေကြောင်းပစ်ခတ်မှုအပြီးမှာလဲ အဆိုပါနေရာတဝိုက်တွေကို ပါရာမော်တာနဲ့ထပ်မံပျံဝဲတာတွေရှိတယ်လို့ သူကဆက်ပြောပါတယ်။

“ထပ်လာသေးပါတယ် ကျနော်တို့ကိုခြေရာခံတဲ့သဘောပေါ့။ ကျနော်တို့က ခြေရာဖျောက်လိုက်တော့ လိုကေးရှင်းတွေ လွဲကုန်တာပေါ့၊ နောက်တခေါက်လဲပါရာမော်တာနဲ့ အခုမနက်တော့ဝဲနေပေမယ့် ကျနော်တို့ဆီထိတော့ရောက်မလာဘူး” လို့ ဆိုပါတယ်။

လေကြောင်းရန်စိုးရိမ်ရတဲ့အတွက် ကျဆုံးတပ်ဖွဲ့ဝင်တွေကို စက်တင်ဘာ ၂၉ ရက် ဒီကနေ့ မနက်ပိုင်းမှာ လွတ်မြောက်တဲ့တနေရာမှာ ဂုဏ်ပြုသေနတ်ပစ်ဖောက်ပြီး အမိန့်ပြန်ခဲ့ကာမီးသဂြိုလ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

စာတည်း – လင်း၊ တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။