စစ်ကိုင်း၊ မတ် ၃၀၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့လယ် ဝါတိုင်အဆောက်အဦး၊ လရိပ်သာတည်းခိုဆောင်အနီးမှာ ယာယီတပ်စွဲထားတဲ့ စစ်ကောင်စီနေရာ ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခံရလို့ ၄ ဦး သေဆုံးတယ်လို့ သိရပါတယ်။
မတ်လ ၂၈ ရက် ညနေ ၃ နာရီခန့်မှာ အင်အား ၁၀၀ ခန့်နဲ့ ယာယီတပ်စွဲထားတဲ့နေရာကို ဒရုန်းနဲ့ M 9 ဗုံးသီး ၆ လုံးချ တိုက်ခိုက်ခဲ့တယ်လို့ Myingyan District Drone Strike အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
“ကျနော်တို့အဖွဲ့က နယ်မြေခံမဟုတ်တော့ မဟာမိတ်အဖွဲ့တွေရဲ့ ဖိတ်ခေါ်တဲ့အတွက် သူတို့နဲ့အတူ ပူးပေါင်းပြီး မစ်ရှင်ဖော်ဆောင်ခဲ့တာပါ။ ဒီမစ်ရှင်ကိုတော့ ခက်ခက်ခဲခဲ လုပ်ဆောင်ခဲ့ရတယ်။ ဒရုန်းတွေ သယ်ယူဖို့ ခက်ခဲတာပေါ့။ ဒရုန်းဗုံးကတော့ ၆ လုံး ချခဲ့တယ်။ ထိခိုက်သေဆုံးကတော့ မျက်မြင်အခြေနေကြည့်ပေးတဲ့သူတွေက သတင်းပြန်ပေးလို့ သိရတာပါ။ သူတို့တပ်က စစ်ကြောင်းထိုးပြီး ယာယီဝင်နားတဲ့အဖွဲ့လို့တော့ သိရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်စွဲထားတဲ့နေရာ ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးခဲ့တာကြောင့် ထိခိုက်သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လူနာတင်ယာဥ်တွေနဲ့ဆေးရုံဘက်ကို သယ်သွားကြတယ်လို့ သိရပါတယ်။
ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက်မှာတော့ စစ်ကောင်စီအဖွဲ့ဟာ လမ်းပိတ်ဆို့ စစ်ဆေးတာ၊ ကင်းပုန်းချတာတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး မတ်လ ၃၀ ရက်ဒီကနေ့အထိ စစ်ကြောင်းပြန်မထွက်နိုင်သေးဘူးလို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို Myingyan District Drone strike MDDS အဖွဲ့၊ 27 revolution forces၊ မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်း၊ အမှတ်(၄)တပ်ရင်း၊ MRDA၊ Urban Underground revolution force YSO အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
စာတည်း – ရင်ငြိမ်း