ပေါင်းတည်မှာ စစ်ကော်မရှင်တပ်တွေနဲ့ပေါင်းတဲ့ ပျူစောထီး ၁ ဦးအသတ်ခံရ

0 28
0 28

ပေါင်းတည်၊ စက်တင်ဘာ ၁၃၊ ၂၀၂၅။

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ပန်းသင်းပင်ကျေးရွာမှာ ပျူစောထီး ၁ ဦး လယ်ခင်းထဲအသွားပစ်သတ်ခံရပြီး သေဆုံးသွားတယ်လို့ ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားတာဝန်ခံ Shadow ဆီက သိရပါတယ်။

ပစ်သတ်ခံရသူက ပျူစောထီးအဖွဲ့ဝင်ဖြစ်သူ ပန်းသင်ပင်ကျေးရွာက အသက် ၃၄ အရွယ်အေးမင်းထွန်းဖြစ်ပြီး စက်တင်ဘာ ၁၁ ရက်မနက် ၇ နာရီခန့်မှာ သူနေအိမ်ကနေ ကျေးရွာအနီးရှိ လယ်ခင်းထဲကိုအလာ ရွာအပြင်နားလောက်မှာ ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။

“သူကခေါင်းဆောင်တော့မဟုတ်ဘူး အဖွဲ့ဝင်။ ရွာကနေ သူခြေကျင်ဘဲထွက်လာတာ သူယာထဲကို။ ၃ ချက်ပစ်ခတ်ခဲ့တာ။ ဝမ်းဗိုက်ရယ်၊ ဆီးခုံရယ်၊ ပေါင်ရယ်ထိပြီးသေတာ”လို့ ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံ Shadow ကပြောပါတယ်။

ပစ်ခတ်ခံရပြီးသေဆုံးသွားတဲ့ အေးမင်းထွန်းရဲ့အလောင်းကိုတော့ ကျေးရွာထဲတပ်စွဲထားတဲ့ စစ်ကော်မရှင်အဖွဲ့က လာကောက်သွားကာ အလောင်းကောက်ချိန် ဘေးပတ်ဝန်းကျင်ကို လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာမျိုးတွေရှိတယ်လို့ ဆိုပါတယ်။

အေးမင်းထွန်းဟာ ကျေးရွာအတွင်းက စစ်ကော်မရှင်တပ်သား၊ ပျူစောထီးအဖွဲ့တွေနဲ့ပေါင်းပြီး အနားနီးပါးရွာတွေက ပြည်သူတွေထံကနေ စားသောက်ကုန်၊ လုပ်ငန်းသုံးပစ္စည်းတွေနဲ့ တန်ဖိုးရှိပစ္စည်းတွေ လုယူရာမှာပါဝင်သူဖြစ်သလို စစ်ကော်မရှင်တပ်သားတွေအလိုကျ လုပ်ကိုင်ပေးနေသူတဦးဖြစ်တာကြောင့်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

အဆိုပါပစ်ခတ်မှုကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ(၂၁)ကွပ်ကဲမှုအောက်ရှိ ၃၆၀၁ တပ်ရင်း တပ်ခွဲ(၂)မှ အဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်ကလည်း အုတ်ဖိုမြို့နယ်၊ စစ်တောကျေးရွာမှာ ဘေးတွဲဆိုင်ကယ်နဲ့လာတဲ့ ရာအိမ်မှူး ဦးသန်းစိုးဆိုသူ ပစ်သတ်ခံရလို့ သေဆုံးသွားတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။