ပျူစောထီးခေါင်းဆောင်နေအိမ်ကိုစီးနင်းတိုက်ခိုက်ချိန် ၅ ဦးသေဆုံးပြီး လက်နက်တွေသိမ်းဆည်း

0 74
0 74

နတ်မောက်၊ စက်တင်ဘာ ၄၊ ၂၀၂၅။

မကွေးတိုင်း၊ နတ်မောက်မြို့‌နယ်၊ တက်ဝန်ကျေးရွာမှာ အခြေချနေထိုင်တဲ့ ပျူစောထီးအဖွဲ့ကို ဝင်ရောက်တိုက်ခိုက်ပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်းခဲ့တယ်လို့ သရက်ခရိုင် အမှတ် ၃ တပ်ရင်း မကွေးတိုင်းပြည်သူ့ကာကွယ်ရေးတပ် ငါးပြေမပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

စက်တင်ဘာ ၄ ရက် ဒီနေ့မနက် ၅ နာရီ ၁၀ မိနစ်လောက်ကနေ ၄၀ မိနစ်ကြာ အဆိုပါပျူစောထီးအဖွဲ့ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်ချိန် ပျူစောထီး ၅ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“သူတို့နေတဲ့ တက်ဝန်ကျေးရွာကို ကျနော်တို့ဝင်တိုက်တာပါ၊ ဘိုထွန်းခေါင်းဆောင် နေတဲ့ရွာပါ၊ ပျူစောထီးခေါင်းဆောင် ဘိုထွန်းနေတဲ့ အိမ်ကို ဝင်တိုက်တာ၊ ပျူစောထီး ၅ ဦးသေတယ်၊ ဘိုထွန်းလည်း တခါတည်းသေတာ”လို့ သရက်ခရိုင် အမှတ် ၃ တပ်ရင်း မကွေးတိုင်းပြည်သူ့ကာကွယ်ရေးတပ် ငါးပြေမ ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ဗိုလ်ငါးခူက ပြောပါတယ်။

ဒါ့အပြင် ပွိုင့် 22 လက်လုပ်ပစ္စတို ၁ လက်၊ ကာဘိုင် ၅ လက်၊ ကာဘိုင်ကျည် ၉၅ တောင့်၊ ရှော့ဂန်းပြောင်းချော ၂ လက်၊ ကျည် ၃၀ တောင့်၊ လက်ပစ်ဗုံး ၂ လုံး၊ ဖုန်း ၄ လုံးနဲ့ ယူနီဖောင်းတွေ သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်ပြီးနောက် ပျူစောထီးခေါင်းနဲ့ သေဆုံးအလောင်းတွေကို နတ်မောက်မြို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက ကားနဲ့ လာသယ်သွားတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို သရက်ခရိုင် အမှတ် ၃ တပ်ရင်း မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ် ငါးပြေမ ပြောက်ကျားတပ်ဖွဲ့၊ ရေနံချောင်း ပကဖ၊ မင်းဘူးခရိုင်စစ်ဌာန ပြည်သူလုံခြုံရေးတပ်ဖွဲ့၊ Chauk Revolutionary Army(CRA)နဲ့ ဒေါင်းစစ်သည်ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်ကလည်း မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ပိတောက်ငုပ်ရွာ ပျူစောထီးခေါင်းဆောင် စီးနင်းလိုက်ပါလာတဲ့ကားကို နတ်မောက်မြို့နယ် ရွာမွန်လမ်းတနေရာမှာ သရက်ခရိုင် အမှတ် ၃ တပ်ရင်း မကွေးတိုင်းပြည်သူ့ကာကွယ်ရေးတပ် ငါးပြေမ ပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၃ ဦးသေပြီး ၅ ဦးဒဏ်ရာရခဲ့ပါသေးတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။