ဆားလင်းကြီး၊ ဇူလိုင် ၁၇၊ ၂၀၂၅။
ချင်းတွင်းမြစ်ရေကြီးမှုကြောင့် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာနေအိမ်တွေထဲ ရေဝင်ရောက်နေတာ ၁ ပတ်ဝန်းကျင်ရှိလာတဲ့အတွက် ဒေသခံတွေမှာ စားနပ်ရိက္ခာနဲ့သောက်သုံးရေတွေ လိုအပ်လာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင်လဆန်းကစကာ မိုးအဆက်မပြတ်ရွာသွန်းတဲ့အတွက် ချင်းတွင်းမြစ်ရေတိုးလာရာက ဇူလိုင် ၁၂ ရက်မှာ စိုးရိမ်ရေမှတ်အထက် ၁ ပေခန့်မြင့်တက်လာပြီးနောက် လက်ရှိ ၁ ပတ်ခန့်ကြာမှာ ကျေးရွာနေအိမ်တွေအတွင်း ရေအမြင့် ၂ ပေမှ ၃ ပေကျော်အထိ ရေဝင်ရောက်နေတယ်လို့ ဆိုပါတယ်။
“ရွာထဲကိုစဝင်တာက ဇူလိုင်လ ၁၂ ရက်ကစဝင်တာ ၁၃ ရက်နေ့မှာ နေအိမ်အများစု ရေဝင်လာပြီ။ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ မိုးကြီးနေသ၍ နေအိမ်ထဲရေထွက်သေးမှာမဟုတ်ဘူး”လို့ နေအိမ်အတွင်းရေဝင်ရောက်နေတဲ့ဒေသခံတဦးက မြေလတ်အသံကိုပြောပါတယ်။
လက်ရှိမှာ ဆားလင်းကြီးမြို့နယ်အပိုင် ချင်းတွင်းမြစ်ကမ်းဘေးက ပလောင်၊ ညောင်ပင်ကြီး၊ ကုတို့ကုန်း၊ လက်ပံတောင်း၊ ရွှေလှေ၊ ပေါင်းဝ ကျေးရွာတွေမှာရေကြီးနေသလို မုံရွာမြို့နယ်အပိုင်က ကျွန်းကြီး၊ ချမ်းသာကျွန်းစတဲ့ ကျေးရွာတွေမှာလည်း ရေဝင်ရောက်နေပြီလို့ သိရပါတယ်။
ချင်းတွင်းမြစ်ရေကြီးမှုကြောင့် ဆားလင်းကြီးမြို့နယ်က ပြည်သူ ၂,၅၀၀ ကျော်ရေဘေးသင့်နေပြီး ခုလိုရေဝင်ရောက်တာ ရက်ကြာလာတဲ့အတွက် ဒေသခံတွေမှာ ချက်ပြုတ်စားသောက်ဖို့အပြင် စားနပ်ရိက္ခာနဲ့ သောက်ရေရရှိဖို့ ခက်ခဲလာနေတယ်လို့ ဆိုပါတယ်။
“မြစ်ရေတက်လာတော့ ထင်းမီးနဲ့ ထမင်းဟင်းချက်ဖို့ခက်လာတယ်၊ သောက်ရေအတွက်ခက်လာတယ်၊ ကျိုချက်သောက်ဖို့လည်း အခက်တွေ့လာတယ်”လို့ ဒေသခံတဦးက မြေလတ်အသံကိုပြောပါတယ်။
စစ်အာဏာမသိမ်းခင်က အလားတူမြစ်ရေကြီးပြီး ရေဘေးဒုက္ခကြုံရင် ပရဟိတအဖွဲ့တွေနဲ့ အစိုးရအဖွဲ့အစည်းတွေက လာရောက်ကူညီတာရှိပေမယ့် လက်ရှိမှာတော့ကူညီသူမရှိသလောက်ရှားပါးကာ လတ်တလောရေတက်နေတဲ့ရက်တွေအတွင်း ကူညီပေးသူမရှိသေးဘဲ ရှိတဲ့ရိက္ခာနဲ့ပဲ စားသောက်နေရတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ အဆိုပါကျေးရွာတွေက ဒေသခံတွေအနေနဲ့နေရပ်ရွှေ့ပြောင်းနေထိုင်တာမျိုးမရှိသေးဘဲ ဒီအခြေအနေထက်ပိုပြီးမြစ်ရေကြီးလာရင်တော့ အရေးကြီးစားသောက်စရာနဲ့ စာရွက်စာတန်းတွေယူဆောင်ပြီး ကုန်းမြင့်ရာနေရာတွေနဲ့ ဆားလင်းကြီး-ညောင်ပင်ကြီးလမ်းပိုင်းပေါ်ကို ရွှေ့ပြောင်းကြရမယ်လို့ သိရပါတယ်။
စာတည်း – လင်း၊ တည်းဖြတ် – M