⁨ပြန်ဖြေရမယ့်တက္ကသိုလ်ဝင်စာမေးပွဲအတွက် အောင်မှတ်ရဖို့ ဦးစားပေးသင်ကြားနေရဟုဆို (Reel)

0 8
0 8

မုံရွာ၊ မေ ၆၊ ၂၀၂၅။

တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုရမယ့်ကျောင်းသားတွေအတွက် အောင်မှတ်ရနိုင်ရေး အဓိကဦးစားပေးသင်ကြားနေရတယ်လို့ စစ်ကောင်စီလက်အောက်ပညာရေးဝန်ထမ်းအသိုင်းအဝိုင်းထံက သိရပါတယ်။

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအဖြေလွှာတွေ ငလျင်ကြောင့်ပျက်စီးခဲ့တဲ့အတွက် စာမေးပွဲပြန်ဖြေရမယ်လို့ စစ်ကောင်စီဘက်ကအသိပေးခဲ့ပြီးနောက်မှာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့က တက္ကသိုလ်ဝင်စာမေးပွဲ ပြန်ဖြေဆိုရမယ့်ကျောင်းသားတွေကို အထက ၂ ကျောင်းမှာ စုစည်းပြီး အထက်ပါအတိုင်းသင်ကြားနေရတာလို့ ဆိုပါတယ်။

” အစအဆုံး ပြန်သင်တာတော့ မဟုတ်ဘူး၊ မေးခွန်းထဲမှာပါနိုင်ချေရှိတဲ့ အပုဒ်ကြီးတွေကိုဘဲ ဦးစားပေးသင်ကြတာ”လို့ မုံရွာမြို့ပေါ်ရှိ ၁၂ တန်းပြဆရာမတဦးက မြေလတ်အသံကို ပြောပါတယ်။

စာမေးပွဲပြန်ဖြေဆိုဖို့အတွက် မုံရွာမြို့ပေါ်ရှိ အမှတ် ၁၊ ၂ ၊ ၃ အခြေခံပညာ အထက်တန်းကျောင်းတွေနဲ့ ကိုယ်ပိုင်ကျောင်းတွေဖြစ်တဲ့ SEC၊ မိုးဦးပန်း၊ ပညာမိုး၊ Top စတဲ့ကျောင်းတွေက စုစုပေါင်းကျောင်းသား၊ ကျောင်းသူ ၄၅၀ ကျော်ကို ဧပြီ ၃၀ ရက်က စတင်ကာ အခုလို ပြန်သင်နေရတာလို့ သိရပါတယ်။

စစ်ကောင်စီက စာမေးပွဲပြန်လည်ဖြေဆိုရမယ့်ရက်ကို ဇွန် ၁၅ ရက်သတ်မှတ်ထားတာကြောင့် ပြန်ဖြေရမယ့်ကျောင်းသားတွေအတွက် ဧပြီ ၃၀ ရက်က မေ ၁၅ ရက်အထိ ၁ လခွဲအတွင်း အပြီးသင်ကြားပေးရမှာဖြစ်ကြောင်း ၎င်းကပြောပါတယ်။

” ၁ လခွဲနဲ့က အောင်မှတ်ရဖို့ အဓိကလုပ်ပေးတာမို့ ၁၀ မှတ်တန်အကြီးတွေ ရွေးသင်ကြတာပါ” လို့ အထက်ပါဆရာမက ပြောပါတယ်။

အခုလိုပြန်လည်သင်ကြားဖို့ ဧပြီ ၂၆ ရက်မှာ ကျောင်းအုပ်ဆရာမက ဖုန်းဆက်ညွှန်ကြားခဲ့တာဖြစ်ပြီး လက်ရှိမှာ အထက ၁၊ ၂၊ ၃ ကျောင်းတွေက ၁၂ တန်းပြဆရာ၊ ဆရာမအားလုံးနီးပါးအပါအဝင် ၃၅ ဦးကျော်နဲ့သင်ကြားပေးနေရတယ်လို့ သိရပါတယ်။

မတ် ၂၈ ရက်မှာလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ မန္တလေးတက္ကသိုလ်ပင်မဆောင်ကြီး ပြိုကျမီးလောင်ခဲ့တဲ့အတွက် အဲ့ဒီမှာထားရှိတဲ့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ကချင်ပြည်နယ်တွေက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုသူ ၆၂,၉၅၄ ဦး ရဲ့ အဖြေလွှာစာအုပ်ပေါင်း ၃၇၆,၉၅၄ အုပ်မီးလောင်ပျက်စီးခဲ့တယ်လို့ စစ်ကောင်စီက မတ် ၂၉ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

အဖြေလွှာတွေပျက်စီးသွားတာကြောင့် အထက်ပါတိုင်းနဲ့ပြည်နယ်တွေက တက္ကသိုလ်ဝင်ကျောင်းသားတွေအနေနဲ့ စာမေးပွဲပြန်လည်ဖြေဆိုရမှာဖြစ်ကြောင်း စစ်ကောင်စီကထုတ်ပြန်ခဲ့ပြီး စာမေးပွဲကို ဇွန် ၁၆ ရက်ကနေ ၂၂ ရက်အထိ ၆ ရက်ကြာပြန်လည်ကျင်းပမယ်လို့ စစ်ကောင်စီက ဧပြီ ၂၂ ရက်မှာ ထပ်မံကြေညာခဲ့ပါတယ်။

စာတည်း – လင်း၊ တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။