⁩ ⁨မုံရွာမှာ စစ်တပ်အထိုင်စခန်းနဲ့ ယာဥ်တန်း တိုက်ခိုက်ခံရလို့ ၄ ဦးသေဆုံး (ရုပ်/သံ)

0 13
0 13

မုံရွာ၊ ဇွန် ၁၉၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကိုတိုက်ခိုက်ရာ ၄ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA က ဇွန် ၁၈ ရက်မှာထုတ်ပြန်ပါတယ်။

မုံရွာမြို့၊ စက်မှုဇုန်တောရွာအထိုင်စခန်းကို တိုက်ခိုက်ရာမှာ စစ်ကော်မရှင်တပ်သား ၂ ဦးသေဆုံးပြီး တဆက်တည်းမှာပဲ စစ်ကူကား ၁၃ စီးပါ ယာဉ်တန်းကိုလည်း စက်မှုဇုန်ရပ်ကွက် အစွန် မြို့ပတ်လမ်းကနေ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နောက်ထပ်စစ်ကော်မရှင်တပ်သား ၂ ဦး သေဆုံးခဲ့ပြီး ကား ၂ စီး ပျက်စီးသွားတာကို မျက်မြင်အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“တရက်တည်းမှာပဲ တိုက်ခိုက်ခဲ့တာပါ။ အထိုင်စခန်းမှာတော့ အင်အား ၃၀ ခန့် ရှိပါတယ်။ ကားတန်းမှာတော့ အင်အား ၈၀ ခန့် ပါတယ်လို့ သိရပါတယ်။” လို့ PLA ရဲ့ပြန်ကြားရေးက ပြောပါတယ်။

စက်မှုဇုန်တောရွာအထိုင်စခန်းနဲ့ ယာဉ်တန်းကိုတိုက်ခိုက်တဲ့နေရာဟာ မီတာ ၁,၀၀၀ ခန့် ကွာဝေးပြီး တိုက်ခိုက်ခံရပြီးနောက် ယာဉ်တန်းဟာ စက်မှုဇုန်တောရွာကျောင်းထဲကို ဝင်သွားတယ်လို့ တိုက်ခိုက်ရေးရဲဘော်တဦးဆီက သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် မုံရွာခရိုင် ၅+၁(၄-၂၂-၂၃-၂၅-၂၈)တပ်ရင်းနဲ့ Royal Gods People Defence Force၊ တိုက်နယ် ၄ ပကဖတိုက်ခိုက်ရေးအဖွဲ့(မုံရွာ) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ PLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁ရက်နေ့ကလည်း မန္တလေးတိုင်း၊ တောင်သာမြို့နယ်က အင်အား ၃၀၀ ပါ စစ်ကော်မရှင်စစ်ကြောင်းကို PLAနဲ့ မဟာမိတ်တပ်တွေ ပူးပေါင်းပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကော်မရှင် တပ်သား ၁၀ဦးထက်မနည်း သေဆုံးခဲ့ရပြီး လက်နက်ခဲယမ်းအချို့လည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။