ရေစကြို၊ ဇွန် ၁၉၊ ၂၀၂၆။
မကွေးတိုင်း၊ ရေစကြိုမြို့တောင်ဘက်အထွက်ရှိ ၂၀၀၀ ပြည့်ရပ်ကွက်အနီးမှာ ကင်းပတ်ထွက်လာတဲ့ စစ်ကော်မရှင်အဖွဲ့ ကြားဖြတ်တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးခဲ့တယ်လို့ ဇွန် ၁၈ ရက်ညပိုင်းမှာ ရေစကြိုမြို့နယ်ပကဖ ကသတင်းထုတ်ပြန်ပါတယ်။
ဇွန် ၁၇ ရက်မနက် ၈ နာရီခန့်မှာ ခလရ ၂၅၆ တပ်ကနေ အင်အား ၂၀ ခန့်နဲ့ကင်းပတ်ထွက်လာတဲ့ စစ်ကော်မရှင်အဖွဲ့တွေကို ကြားဖြတ်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“ခြေလျင်ပတ်ကင်းကိုတိုက်တာ။ တိုက်ပွဲကြာချိန်က မိနစ် ၃၀ လောက်ပါပဲ။ စကစအလောင်းတော့ မရဘူး။ ဆေးရုံသယ်သွားပြီးနောက်နေ့ ရေစကြိုသုဿာန်မှာ သင်္ဂြိုဟ်လိုက်တာ။ ကိုယ်တွေက စောင့်ပစ်တာဆိုတော့ ဦးအောင်ပစ်ရတယ်။ သူတို့လည်းကျ သေဆုံးတာလည်းမြင်ရတယ်”လို့ ရေစကြိုမြို့နယ် ပကဖတာဝန်ရှိသူက ပြောပါတယ်။
ပစ်ခတ်မှုအတွင်း တပ်ကြပ်ကြီးဇော်မင်းအပါ ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာတာကို မျက်မြင်တွေ့ရပြီး လက်နက်တော့သိမ်းဆည်းရမိတာမရှိဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် တိုက်ပွဲတွင်းသေဆုံးသွားတဲ့ စစ်ကော်မရှင်တပ်သားတွေရဲ့ လက်နက်တွေကိုကောက်ယူဖို့ကြိုးစားခဲ့တဲ့ အသက် ၂၀ ကျော်အရွယ် ပကဖ တပ်ဖွဲ့ဝင် ၁ ဦးမှာလည်း ဝမ်းဗိုက်ကျည်ထိမှန်ဒဏ်ရာရခဲ့ပြီး ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရတယ်လို့ ရေစကြိုမြို့နယ် ပကဖတာဝန်ရှိသူက ပြောပါတယ်။
တိုက်ပွဲဖြစ်ပြီးနောက် စစ်ကော်မရှင်အဖွဲ့တွေဟာ သေဆုံးထိခိုက်သူတွေနဲ့ လက်နက်တွေကို ကောက်ယူပြီး မြို့ထဲပြန်ဝင်သွားတယ်လို့ ဆိုပါတယ်။
ဧပြီ ၃၀ ရက်ကလည်း ရေစကြိုမြို့နယ်၊ တောင်အိုကျေးရွာ ပခုက္ကူ-ရေစကြိုလမ်းပေါ်မှာ စစ်ကော်မရှင်အဖွဲ့ ကြားဖြတ်တိုက်ခံရပြီး ၇ ဦးသေပြီး ပစ်ခတ်မှုအတွင်း ပြည်သူ ၁ ဦးပါ သေဆုံးခဲ့ပါသေးတယ်။
စာတည်း – လင်း