နွားထိုးကြီးတိုက်ပွဲအတွင်း ကား ၁ စီးနဲ့ ခဲယမ်းတွေ PDF သိမ်းဆည်း (ရုပ်/သံ)

0 6
0 6

မြင်းခြံ၊ ဧပြီ ၂၉၊ ၂၀၂၆။

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်း ဧပြီ ၂၄ ရက်နဲ့ ၂၆ ရက်မှာ စစ်ကော်မရှင်တပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်ကော်မရှင်တပ်သားအလောင်း ၁ လောင်းနဲ့ ခဲယမ်းပစ္စည်းတချို့ကို သိမ်းဆည်းခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း NPDF ဆီက သိရပါတယ်။

ဧပြီ ၂၄ ရက် မနက် ၆ နာရီခွဲကစတင်ကာ နွားထိုးကြီးမြို့နယ်၊ ခံစပ်ကုန်းအရှေ့ရွာကိုဦးတည်လာတဲ့ အင်အား ၃၀၀ ကျော်ပါစစ်ကြောင်းနဲ့ တနေကုန်တိုက်ပွဲဖြစ်ခဲ့သလို ဧပြီ ၂၆ ရက်မနက် ၈ နာရီခန့်မှာလည်း ခံစပ်ကုန်းရွာကနေ ညောင်ဇင်ရွာနဲ့ ကဒေါင်းရွာတို့ကိုဦးတည်လာတဲ့ စစ်ကော်မရှင်တပ်နဲ့ ထပ်မံတိုက်ပွဲဖြစ်ခဲ့ကြတာလို့ မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း NPDF ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“၂ ကြိမ်ဖြစ်တဲ့အခါမှာ သူတို့ဘက်က ထိခိုက်သေဆုံးမှုများတယ်။ ကျနော်တို့ ထောင်ထားတဲ့ မိုင်းတွေတိုးလို့ သေတာတွေလည်းရှိတယ်။ တိုက်ပွဲထဲမှာ သေဆုံးတဲ့သူတွေကို အလောင်းတောင်မကောက်ဘဲနဲ့ ၁ ယောက်လဲကျရင် နောက် ၁ ယောက်က ရှေ့အတင်းကျော်တက် အဲ့လိုအခြေအနေထိပါ အင်အားအလွန်အကျွံသုံးပြီး တိုးလာမျိုးဗျ။ ဒီသေဆုံးမှုတွေအကုန်လုံးကတော့ မျက်မြင် မြင်ရလို့ ကျနော်တို့ကထည့်သွင်းထုတ်ပြန်ထားတာ” လို့ ဆိုပါတယ်။

တိုက်ပွဲပြီးနောက် အလောင်း ၁ လောင်း၊ ကား ၁ စီး၊ ခဲယမ်းတချို့ကိုသိမ်းဆည်းနိုင်ခဲ့ပြီး ဒရုန်းကား ၁ စီးနဲ့ ရိက္ခာကား ၁ စီးကိုမီးရှို့ ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“စစ်တပ်စစ်ကြောင်းက အင်းအားများတာက လွန်ခဲ့တဲ့ ၈ လလောက်ကထဲက ကျနော်တို့နဲ့ ဖြစ်လာခဲ့တဲ့ စစ်ကြောင်းလို့ ပြောလို့ရပါတယ်။ နွားထိုးကြီးမြို့နယ်မှာ သူတို့စစ်ကြောင်းတွေ ထိုးတယ်၊ ထိုးပြီးကျနော်တို့နဲ့အကြိမ်ကြိမ်တိုက်ပွဲတွေဖြစ်တယ်။ ၆ လနီးပါးလောက် ဆက်တိုက်ဖြစ်ပြီးတော့ ကျန်တဲ့ ၂ လလောက်မှာ ကျနော်တို့က နယ်မြေအခြေအနေအရ သူတို့ကို နောက်ဆုတ်လိုက်တဲ့အခါကျမှ မြင်းခြံမြို့နယ်ကို ကူးပြီးတော့မှတခါမီးတွေရှို့တယ်။ အိမ်တွေဖျက်ဆီးတယ်။ ပြည်သူတွေသတ်တယ်။ သတ်ပြီးတော့မှ ပြန်လာပြီးတော့မှ နွားထိုးကြီးမြို့နယ်ကို ပြန်၀င်တာပေါ့နော်။ ပြန်၀င်တဲ့အချိန်မှာ ကျနော်တို့နဲ့ထပ်ဖြစ်တာ။” လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် ဒီတိုက်ပွဲတွေအတွင်း စစ်ကော်မရှင်ဘက်က ၂၀ ကျော်သေဆုံးတာကို မျက်မြင်တွေ့ရတယ်လို့ဆိုပေမယ့် ဒီသေဆုံးမှုနဲ့ပတ်သက်ပြီးမြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ၁၀ တပ်ရင်းနဲ့ ပူးပေါင်းအဖွဲ့တွေ ဖြစ်တဲ့ မြင်းခြံခရိုင်အထူးလှုပ်ရှားစစ်ကြောင်း၊ မန္တလေးခရိုင် အမှတ် ၃ တပ်ရင်း ၊ MGN – 35၊ ပြည်သူ့ကြယ်တစ်ပွင့်တို့က တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

အဆိုပါစစ်ကြောင်းဟာ မတ်လနောက်ဆုံးပတ်ကစပြီး မြင်းခြံမြို့နယ်ထဲက ပျားရွာ၊ ထိန်ပန်း၊ ရွာသစ်၊ ကျီးပင်ကန်၊ တူရွင်းဘို့၊ ပျိုးကန် စတဲ့ရွာတွေအပါအဝင် ရွာပေါင်း ၂၀ နီးပါးကိုစစ်ကြောင်းထိုးကာ ဒေသခံတွေကိုလည်းသတ်ဖြတ်တဲ့အပြင် နေအိမ် ၁ ထောင်ကျော်ကိုလည်းမီးရှို့ခဲ့တဲ့စစ်ကြောင်း ဖြစ်တယ်လို့လည်း သိရပါတယ်။

တည်းဖြတ် – M

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။