မြင်းခြံမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၃ ဦးနဲ့ ကာကွယ်ရေးအဖွဲ့ဝင်အပါ ၁၈ ဦး သေဆုံး (ရုပ်/သံ)

0 1
0 1

မန္တလေး၊ ဇန်နဝါရီ ၂၇၊ ၂၀၂၅။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြင်းခြံမြို့ကနေ မြောက်ဘက် ဆီမီးခုံမြို့ကို ဆက်သွယ်ထားတဲ့ ကားလမ်းမဘေးက ဆင်းဂွတ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ် ၃ ဦးနဲ့ ကာကွယ်ရေးအဖွဲ့ဝင်တွေအပါအဝင် ၁၈ ဦးသေဆုံးခဲ့တယ်လို့ မြင်းခြံမြို့နယ် ပကဖ တာဝန်ခံဆီက သိရပါတယ်။

ဇန်နဝါရီ ၂၆ ရက် မနက် ၇ နာရီကျော်မှာ ဆင်းဂွတ်ကျေးရွာထဲက ကာကွယ်ရေးအဖွဲ့ဝင်တွေရဲ့ စခန်းနေရာကို စစ်ကောင်စီက ဂျက်ဖိုက်တာ ၁ စီးနဲ့ ပေါင် ၂၅၀ ဗုံး ၂ လုံးပစ်ချခဲ့ပြီး Mi 35 နဲ့ မိနစ် ၂၀ ခန့်ပစ်ခတ်ခဲ့တယ်လို့ သူကဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် မြင်းခြံမြို့နယ် ပကဖအဖွဲ့ဝင်တွေဖြစ်တဲ့ အသက် ၂၃ နှစ်အရွယ် ဖိုးသား၊ အသက် ၂၂ အရွယ် ကိုဇင်၊ အသက် ၂၀ အရွယ် ပြောင်ကြီး၊ အသက် ၄၃ နှစ်အရွယ် မအေးစန္ဒာ၊ ဆင်းဂွတ်ကျေးရွာပကဖ တာဝန်ခံ အသက် ၄၀ အရွယ် မြို့သန်း၊ အဖွဲ့ဝင်တွေဖြစ်တဲ့ ၅၆ နှစ်အရွယ် ကျော်ဆောင်၊ ၃၇ နှစ်အရွယ် နဂါးနီ၊ ၁၈ နှစ်အရွယ် ပြူးကြီး၊ ၄၀ နှစ်အရွယ် ဖိုးပြား၊ ၄၅ နှစ်အရွယ် ဖိုးဇော်၊ ၂၅ နှစ်အရွယ် ဖက်တီး၊ ၁၈ နှစ်အရွယ် လေပွေတို့ သေဆုံးခဲ့တာပါ။

အရပ်သားတွေဖြစ်တဲ့ အသက် ၃၀ အရွယ် အောင်ဖြိုးသူနဲ့ မထားထား၊ သားဖြစ်သူ အသက် ၅ လအရွယ် ထက်အောင်ရှိုင်း၊ သမီးဖြစ်သူ အသက် ၄ နှစ်ခန့်ရှိ မနှင်းပွင့်ဖြူတို့ မိသားစုအပြင် အသက် ၁၁ နှစ်အရွယ် မောင်သန်းတိုးအောင်နဲ့ အသက် ၄၂ နှစ်အရွယ် ကိုထိုက်တင်တို့လည်း သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် အမျိုးသား ၁ ဦး၊ တော်လှန်ရေးတပ်ဖွဲ့ဝင်၂ ဦးဒဏ်ရာရထားပြီး နေအိမ် ၁ လုံး၊ စာသင်ဆောင် ၂ ဆောင်၊ ကျောင်းရေလောင်းအိမ်သာ ၂ လုံး၊ ဟိုက်ဂျက်ကား ၂ စီး၊ ဆိုင်ကယ် ၁၁ စီးပါ ပျက်စီးခဲ့တယ်လို့ သူက ဆိုပါတယ်။

ဗုံးကြဲမှုအတွင်းသေဆုံးခဲ့တဲ့ အရပ်သား ၆ ဦးထဲက မထားထားတို့ မိသားစုက ဆေးခန်းပြဖို့ တိုကင်လာယူချိန်၊ သန်းတိုးအောင်က ကျောင်းပိတ်လို့ ကာကွယ်ရေးအဖွဲ့ဝင်တွေထံ လာလည်ချိန်နဲ့ ကိုထိုက်တင်ဆိုသူက ထမင်းဟင်းချက်ပေးဖို့ ရောက်ရှိနေချိန်တွေမှာ ထိခိုက်သေဆုံးခဲ့ရတာလို့ သူကဆိုပါတယ်။

ဆင်းဂွတ်ကျေးရွာပကဖအဖွဲ့ဝင်တွေ နေထိုင်နေတဲ့နေရာက ကျေးရွာစာသင်ကျောင်းမှာဖြစ်နေလို့ ဂျနီဗာကွန်ဗန်းရှင်းအရ နေထိုင်လို့မရတာကြောင့် ပြောင်းရွှေ့ဖို့ မြို့နယ်ပကဖ တာဝန်ခံက အမိန့်ပေးထားပြီး ပကဖအဖွဲ့ဝင်တွေ ပြောင်းဖို့ပြင်နေကြချိန်မှာ ဗုံးကြဲခံရတာကြောင့် ထိခိုက်သေဆုံးသူတွေများသွားရတာလို့ သူကပြောပါတယ်။

သေဆုံးကာကွယ်ရေးအဖွဲ့ဝင်တွေနဲ့ အရပ်သားတွေရဲ့ အလောင်းတွေကိုတော့ တနေရာတည်းမှာပင် နေ့ချင်းပြီး သင်္ဂြိုဟ်လိုက်ရတယ်လို့ သိရပြီး ဒဏ်ရာရသူတွေကိုတော့ ဆေးကုသပေးနေတယ်လို့ သူကဆိုပါတယ်။

ဇန်နဝါရီ ၁၈ ရက်ကလည်း မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ညောင်ကုန်းကျေးရွာကို စစ်ကောင်စီက စက်တပ်လေထီးနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့မှုအတွင်း အရပ်သား ၄ ဦး သေဆုံးခဲ့ပါတယ်။

စာတည်း – ဟယ်ရီ၊ တည်းဖြတ် – ငြိမ်းဇော်

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။