ပဲခူး၊ စက်တင်ဘာ ၃၊ ၂၀၂၆။
ပဲခူးမြို့ပေါ်မှာ ရေကြီးနေတာကြောင့် မဇင်းရပ်ကွက်၊ မဇင် ၁ လမ်းက အမျိုးသား ၁ ဦးရေနစ်သေဆုံးသွားတယ်လို့ မြို့ခံလူမှုကူညီရေးအသင်းဝင်တွေထံက သိရပါတယ်။
သေဆုံးသူဟာ အသက် ၄၉ နှစ်အရွယ် ဦးသန်းဇော်ဆိုသူဖြစ်ပြီး စက်တင်ဘာလ ၂ ရက်နေ့ညနေ ၃ နာရီကျော်ခန့်မှာ နေအိမ်ခြံဝင်းအတွင်းမှာ ပင်ရေနစ်သေဆုံးတာလို့ ဆိုပါတယ်။
“လှေနဲ့ ရေသွားခပ်ရင်း ရေတိုင်ကီထဲကို ပြုတ်ကျတာ။ သူအိမ်ခြံထဲမှာပဲ။ ရေလည်းတက်နေတာ။ ရေသွားခပ်ဖို့သွားမှာ ဖြစ်သွားတာလို့ သိရတယ်။ သောက်ထားတာလည်း ပါမယ်”လို့ လူမှုကူညီရေးအသင်းဝင်တဦးက ပြောပါတယ်။
ပဲခူးမြစ်ရေဟာ စိုးရိမ်ရေအမှတ်ထက်ကျော်လွန်ပြီး ရေတက်နေတာကြောင့် မြို့အနိမ့်ပိုင်းဖြစ်တဲ့ မဇင်းရပ်ကွက်ထဲမှာ အချို့နေရာက ၃ ပေခန့်နဲ့ အချို့နေရာတွေမှာ ရေ ၄ ပေကျော်လောက်တက်နေတာလို့ သိရပါတယ်။
ရေနစ်သေဆုံးသွားတဲ့ အမျိုးသားအလောင်းကိုတော့ မိသားစုတွေနဲ့မြို့ခံပရဟိတတွေက ပဲခူးဆေးရုံပို့ပေးခဲ့ရပြီးနောက် စစ်ဆေးမှုပြုလုပ်ကာ နေအိမ်ကိုပြန်သယ်လာပြီလို့ သိရပါတယ်။
စက်တင်ဘာလ ၃ ရက်နေ့မှာ မိုးဇလရဲ့ထုတ်ပြန်ချက်အရ ပဲခူးမြစ်ရေဟာ စိုးရိမ်ရေမှတ် ၈၈၀ စင်တီမီတာ အထက် ၉၂၃ စင်တီမီတာ အထိရောက်ရှိနေပါတယ်။
ဒါကြောင့် မြို့အနိမ့်ပိုင်း ရပ်ကွက်တွေဖြစ်တဲ့ ကျောက်ကြီးစု၊ ကလျာဏီ၊ ရွာသစ်၊ ဇိုင်းတောင်၊ မြို့သစ်၊ ကျွန်းသာယာ၊ မဇင်း၊ ရပ်ကွက်ကြီး ၇ ရပ်ကွက်တွေက ရေဘေးသင့်ပြည်သူတွေဟာ ဘေးလွတ်ရာကို ဆက်လက်ပြောင်းရွေ့နေကြရတယ်လို့ သိရပါတယ်။