■ စစ်ကောင်စီ မထိန်းချုပ်နိုင်သေးတဲ့ ယင်းမာပင်-ပုလဲလမ်းပိုင်းကို ပြန်ရဖို့ ကြိုးစားနေ
ယင်းမာပင်၊ ဇူလိုင် ၁၁၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ပုလဲမြို့နယ်တွေမှာ စစ်ကော်မရှင်တပ်က ကျေးရွာတွေကို လှည့်လည် စစ်ကြောင်းထိုးကာ ယင်းမာပင်-ပုလဲလမ်းပိုင်းကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပြီး၊ စစ်ကြောင်းဝင်လာရင် ထွက်မပြေးကြဖို့ လိုက်ပြီးစည်းရုံးနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
မြို့နယ် နှစ်မြိုနယ်ထဲကို စစ်ကြောင်း ၂ ကြောင်းနဲ့ ထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်။ ပုလဲမြို့က ထွက်လာတဲ့ အင်အား ၅၀ ခန့်ပါစစ်ကြောင်းဟာ ယင်းမာပင်မြို့နယ်၊ လက်တောင်းကြီးရွာကို ရောက်နေပြီး၊ ယင်းမာပင်မြို့ထဲက စစ်ကော်မရှင်တပ်ဟာလည်း လယ်ငေါက်ရွာကို စစ်ကြောင်းလိုက်ထွက်ကာ ကင်းယူတာတွေ ကင်းထောက်ဒရုန်းတွေနဲ့ စောင့်ကြည့်နေတာတွေရှိတယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။
အဲ့ဒီစစ်ကြောင်းတွေက ရွာတွေထဲကို မကြာခဏ စစ်ကြောင်းထိုးနေပြီး သူတို့ဝင်လာချိန် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်တာတွေမလုပ်ဖို့ လိုက်ပြီးစည်းရုံးနေတယ်လို့ ဆိုပါတယ်။
“အခုစစ်ကြောင်းကဝောာ့ ယင်မာပင်-ပုလဲ လမ်းမကြီး ထိန်းချုပ်နိုင်ဖို့ထင်တယ်ဗျ။ ဒီကောင်တွေက ရွာတွေဝင်ရင် နောက်မပြေးပါနဲ့ ဘာမှမလုပ်ဘူးလို့ ရွာထဲ ကျန်နေတဲ့ လူကြီးတွေကို ပြောခိုင်းတယ်။” လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
အဆိုပါစစ်ကြောင်းတွေကြောင့် ယင်းမာပင်မြို့နယ်ထဲက လယ်ငေါက်၊ လက်တောင်းငယ်၊ သရက်ကန်၊ ဗြဟ္မဒတ်၊ ငါးမောင်း၊ ဇီးဖြူပင်နဲ့ ပုလဲမြို့နယ်ထဲက အလယ်ဘုံ၊ သာယာကုန်း၊ ချောင်းကန်၊ လက်တောင်းကြီး၊ မကျီးကန်၊ ကုက္ကိုစု၊ ရိုးရွာ စတဲ့ကျေးရွာတွေ ထွက်ပြေးတိမ်းရှောင် နေရပါတယ်။
စစ်ကော်မရှင်တပ်က ပုလဲမြို့နယ်ထဲ ပြည်သူတွေ စစ်ဘေးမရှောင်ကြဖို့၊ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ မိုင်းမထောင်ဖို့၊ မတိုက်ခိုက်ဖို့ စာကပ်တာတွေ ပြုလုပ်နေပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်တာကြောင့် ကျေးရွာတွေကို လက်နက်ကြီးပစ်ခက်မှုတွေ ပြုလုပ်နေရကြောင်း ရေးသားထားပါတယ်။
စစ်ကောင်စီတပ်တွေဟာ ယင်းမာပင်ခရိုင်ထဲက ကနီမြို့နယ်၊ ချောင်းမကျေးရွာမှာ တပ်စွဲထားပြီး မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းကို စိုးမိုးဖို့ကြိုးစားနေတယ်လို့ သိရပါတယ်။



