ပဲခူး၊ စက်တင်ဘာ ၂၊ ၂၀၂၆ ။
ပဲခူးမြို့နယ်အတွင်းရှိ ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်ကျော်လာလို့ အနိမ့်ပိုင်းရပ်ကွက်နေပြည်သူတွေ စတင်ရွေ့ပြောင်းနေတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေဆီက သိရပါတယ်။
ယနေ့ စက်တင်ဘာလ ၂ ရက်နေ့မနက်ပိုင်းက ပဲခူးမြစ်ရေဟာ စိုးရိမ်ရေမှတ် ၈၈၀ စင်တီမီတာ အထက် ၉၀၄ စင်တီမီတာကို ရောက်ရှိနေတာကြောင့် အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေဝင်နစ်မြှပ်တာတွေဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

“ရွှေ့ပြီ မိမိအစီအစဥ်နဲ့ မိမိရွေ့တယ်။ နေလို့မရတဲ့သူတွေက ဘုန်းကြီးကျောင်းတွေကို သွားတယ်။ ရေဘေးကယ်ဆယ်ရေးစခန်းတော့ မဖွင့်သေးဘူး။ ရေကတော့ ၄ ပေ အနည်းလေးတက်နေပြီး” လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတဦးက ပြောပါတယ်။
လက်ရှိမှာ ရေဘေးသင့်လို့ပြောင်းရွေ့သူတွေကို ကူညီရွေ့ပြောင်းပေးဖို့ မြို့ခံပရဟိတအသင်း၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့ဝင်တွေက လုပ်ဆောင်ပေးနေကြပြီး သက်ဆိုင်ရာအာဏာပိုင် အမိန့်ရပါက ကယ်ဆယ်ရေးစခန်းဖွင့်နိုင်ဖို့ ပြင်ဆင်နေကြတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ကျောက်ကြီးစု၊ ကလျာဏီ၊ ရွာသစ်၊ ဇိုင်းတောင်၊ မြို့သစ်၊ ကျွန်းသာယာ၊ ရပ်ကွက်ကြီး ၇ အပါအဝင် အနိမ့်ပိုင်းရပ်ကွက်တွေက ပြည်သူ ၁၅၀၀ ကျော်က ရေဘေးလွတ်မယ့် နီးစပ်ရာ ဘုန်းကြီးကျောင်းတွေကို စတင်ရွေ့ပြောင်းနေကြတယ်လို့ ဆိုပါတယ်။
မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှူ ဦးစီးဌာနရဲ့ ယနေ့မနက် ထုတ်ပြန်ချက်အရ ပဲခူးမြစ်ရေဟာ နောက် ၂၄ နာရီအတွင်း နောက်ထပ် ၅၄ စင်တီမီတာအထိ ထပ်မံမြင့်တက်လာနိုင်တယ်လို့ သိရပါတယ်။

ယခုနှစ်မှာ ပဲခူးမြစ်ရေဟာ ဒုတိယအကြိမ် စိုးရိမ်ရေမှတ်ကိုကျော်လွန်လာတာဖြစ်ပြီး ပထမအကြိမ်အဖြစ် ဇူလိုင်လတုန်းက ယခုလောက် ရေမကြီးတာကြောင့်
ဒေသခံပြည်သူတွေက အနည်းငယ်လောက်သာ နေရာရွေ့ပြောင်းရတာဖြစ်ပြီး ၂ ရက်အတွင်းရေပြန်ကျသွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်းကလည်း ပဲခူးမြစ်ရေဟာဇူလိုင်လ နဲ့ စက်တင်ဘာလတွေမှာ စိုးရိမ်ရေမှတ်ကို ကျော်လွန်ခဲ့လို့ ဒေသခံတွေ ရေဘေးလွတ်ရာကို ရွေ့ပြောင်းခဲ့ကြရသေးတယ်လို့ သိရပါတယ်။
စာတည်း-စိုးဦး