သဲကုန်း၊ ဧပြီ ၇၊ ၂ဝ၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ သဲကုန်းမြို့နယ်မှာ သစ်ပင်ပေါ်ကပြုတ်ကျပြီး လူသေဆုံးမှု ၂ ရက်ဆက် ဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဧပြီ ၆ ရက် မနက် ၁၁ နာရီခွဲလောက်က သဲကုန်းမြို့၊ ရပ်ကွက် ၁ မိုးကောင်းဘုရားအနီးမှာ အသက် ၅၅ နှစ်အရွယ် အမျိုးသမီး ၁ ဦး မန်ကျည်းရွက်တက်ခူးရာက ပြုတ်ကျခဲ့တယ်လို့ ဆိုပါတယ်။
“အမျိုးသမီးက သစ်ပင်တက်နေကြ အမျိုးသမီး၊ အပျိုကြီးလို့ သိရတယ်။ ဦးခေါင်းဒဏ်ရာရပြီး သေဆုံးတာပါ။ ဘယ်လိုဖြစ်ပြီး ပြုတ်ကျတယ်တော့မသိရဘူး၊ ဒီနေ့(ဧပြီ ၇ ) မွန်းလွဲပိုင်းမှာ သူနေတဲ့ သဲကုန်းမြို့ ကျောင်းကုန်းရပ်ကနေ မြို့မသုဿန်မှာပဲ သင်္ဂြိုဟ်မှာပါ” လို့ သဲကုန်းမြို့က ဒေသခံတဦးက ပြောပါတယ်။
အလားတူ ဧပြီ ၅ ရက်မနက် ၈ နာရီလောက်မှာလည်း သဲကုန်းမြို့နယ်၊ အုပ်ဆွဲရွာထိပ်မှာ လျှပ်စီးမီးကြိုးနဲ့မလွတ်တဲ့ ဘောစကိုင်းပင်ကိုတက်ခုတ်တဲ့ အသက် ၄၀ အရွယ် လျှပ်စစ်ဝန်ထမ်း ကိုထွန်း အပင်ပေါ်ကပြုတ်ကျခဲ့တယ်လို့ဆိုပါတယ်။
အဲ့ဒီနောက်ဘောစကိုင်းပင်အကိုင်းပဲ့ပြီး ခန္ခာကိုယ်ပေါ်ပြုတ်ကျတဲ့အတွက် နံရိုးကျိုးဒဏ်ရာနဲ့သေဆုံးခဲ့တာဖြစ်ပြီး ဧပြီ ၆ ရက် မနေ့မွန်းလွဲပိုင်းက သူ့ရဲ့ဇာတိ ပုတီးကုန်းမြို့မှာ သင်္ဂြိုဟ်ခဲ့တယ်လို့ အထက်ပါဒေသခံက ပြောပါတယ်။
၎င်းတို့ဟာ ခန့်မှန်းအမြင့်ပေ ၂၀ လောက်ရှိတဲ့ သစ်ပင်တွေပေါ်က ပြုတ်ကျခဲ့တာဖြစ်ပြီး သဲကုန်း ဆေးရုံကနေ ပြည်ကုတင် ၅၀၀ ဆေးရုံကို ပြောင်းရွှေ့ပို့ဆောင်ခဲ့ပေမယ့် ၂ ဦးစလုံးက ဆေးရုံအရောက်မှာ သေဆုံးခဲ့တာလို့ ဆိုပါတယ်။
သစ်ပင်ပေါ်ကပြုတ်ကျတဲ့အတွက် ရဲမှုခင်းဖြစ်တာကြောင့် ၎င်းတို့ ၂ ဦးကို သဲကုန်းရဲစခန်းက သေမှုသေခင်းနဲ့ အမှုဖွင့်ထားတယ်လို့လည်း သိရပါတယ်။
သတင်း – မောင်ဆွေအင်း၊ စာတည်း – လင်း
ပုံစာ – သေဆုံးသူအမျိုးသမီးအလောင်း။