ဝက်လက်မှာတိုက်ပွဲဖြစ်ပြီး PDF ၂ ဦးကျဆုံး

0 30
0 30

ဝက်လက်၊ ဖေဖော်ဝါရီ ၁၄၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ တောကြီးကျေးရွာနဲ့ သစ်ဆိမ့်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပြီး PDF ၂ ဦးကျဆုံးကာ ၂ ဦးဒဏ်ရာရတယ်လို့ ဖြစ်စဥ်ကိုသိထားတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်မနက် ၆ နာရီခန့်မှာ ကျောက်မြောင်းရွာကထွက်လာတဲ့ အင်အား ၂၀၀ ခန့်ပါ စစ်ကော်မရှင်စစ်ကြောင်းက တောကြီးကျေးရွာအရောက်မှာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ ၁ နာရီကြာတိုက်ပွဲ ၁ ကြိမ်၊ အဲ့ဒီနောက် မနက် ၉ နာရီမှာ တောကြီးရွာနဲ့ ၂ မိုင်အကွာ သစ်ဆိမ့်ရွာအရှေ့လမ်းဆုံမှာ ၁ ကြိမ် စုစုပေါင်း ၂ ကြိမ်တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

“တိုက်ပွဲတုန်းကတော့ ထိခိုက်သေဆုံးမရှိဘူး။ အသေခံဒရုန်းတွေနဲ့ချတော့ ၂ ယောက်ဆုံးသေးတယ်။ သစ်ဆိမ့်အရှေ့ လမ်းဆုံရဲ့တောကြားကိုကျတာ။ ကင်းနေရာယူထားတဲ့နေရာကိုချတာ။ ဒရုန်းချပြီးတဲ့ နောက်ပိုင်းတော့ တိုက်ပွဲထပ်ဖြစ်တာမရှိတော့ဘူး”လို့ ဖြစ်စဥ်ကိုသိထားတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်ကော်မရှင်ဘက်ကဒရုန်းနဲ့ဗုံးကြဲချိန် ရွှေဘိုအခြေစိုက်ဒေသကာကွယ်ရေးတပ်ရင်း ၁ ခုမှ အသက် ၂၀ နဲ့ ၂၈ နှစ်အရွယ်တပ်ဖွဲ့ဝင် ၂ ဦးကျဆုံးပြီး ၂ ဦးဒဏ်ရာရကာ လက်နက်တချို့လည်းဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက် စစ်ကော်မရှင်စစ်ကြောင်းဟာ ဖေဖော်ဝါရီ ၁၄ ရက် ဒီမနက်ပိုင်းထိ သစ်ဆိမ့်၊ ရေကမိုး၊ ထုံးဘိုကျေးရွာတဝိုက် အင်အားဖြန့်ထားပြီး အထိုင်ချထားကာ တပ်ဖြန့်ထားချိန်ဖေဖော်ဝါရီ ၁၃ ရက်ညနေပိုင်းမှာ ရေကမိုးကျေးရွာက နေအိမ် ၂ လုံးကိုမီးရှီု့ခဲ့တယ်လို့ သိရပါတယ်။

စစ်ကြောင်းကြောင့် ရေကမိုး၊ ရွာသစ်၊ ထုံးဘို၊ သစ်ဆိမ့်၊ ရှားကွဲ၊ တောကြီး၊ ဂူကြီး၊ ငါးဘတ်ချောင်း၊ သရက်ပင်ဆိပ်ရွာတွေအပါအဝင် ကျေးရွာ ၁၁ ရွာက ဒေသခံ ၁ သောင်းကျော်တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်ကလည်း ဝက်လက်မြို့နယ်၊ ကမ်းဖြူကျေးရွာမှာ တိုက်ပွဲဖြစ်ပြီး PDF ၇ ဦးကျဆုံးကာ ၄ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။