myaelatt athan

Sharing Information to the Local

၁၀ ရက်ကြာစစ်ကြောင်းထိုးခံရတဲ့ ကန့်ဘလူမှာ ဒေသခံ ၁၁ ဦးသေဆုံးပြီး လူနေအိမ် ၄၀၀ ကျော် မီးရှို့ခံရ

1 31
1 31

ဒေသခံ ၇,၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီတွေလိုအပ်နေ

မြေလတ်အသံ၊ ဩဂုတ် ၂၅၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကန့်လူမြို့နယ်ကို စစ်ကော်မရှင်တပ်က ၁၀ရက်ကြာ စစ်ကြောင်းထိုးမီးရှို့နေတာကြောင့် ဒေသခံ ၁၁ ဦးသေဆုံးကာ လူနေအိမ် ၄၃၀ မီးရှို့ခံရပြီး ဒေသခံ ၇,၀၀၀ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

အဆိုပါသေဆုံးသူတွေ၊ ထွက်ပြေးနေရသူတွေနဲ့ မီးရှို့ခံရတဲ့နေအိမ်တွေဟာ ဩဂုတ် ၁၆ ရက်ကနေ ၂၅ ရက်အထိ ၁၀ ရက်တာအတွင်း ပျူစောထီးတွေအပါအဝင် စစ်ကော်မရှင်တပ်သား ၂၀၀ ကျော် စစ်ကြောင်းထိုးနေချိန်ဖြစ်ခဲ့တာလို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ – ကန့်ဘလူခရိုင်က ဩဂုတ် ၂၄ ရက်ကထုတ်ပြန်ပါတယ်။

ဩဂုတ် ၁၆ ရက်ကနေ ၂၀ ရက်အတွင်းမှာ လူနေအိမ် ၄၃၀ လုံးနဲ့ စာသင်ဆောင် ၄ လုံးတို့ကို စစ်ကော်မရှင်တပ်က မီးရှို့ ခဲ့ရာ ရွာမရွာသစ်မှ ၄ လုံး၊ ထိန်တောရွာက ၇၅ လုံး၊ အင်္ဂါဒေါင့်ရွာက ၃၁ လုံး၊ သရက်တောရွာက ၇၈ လုံး၊ ကိုင်းရိုးရွာက ၁၂ လုံးနဲ့ ကျေးပင်အက်ရွာက ၂၃၀ လုံးအပြင် စာသင်ဆောင် ၄ ဆောင်တို့ဖြစ်ပါတယ်။

သေဆုံးသူ ၁၁ ဦးမှာ ဩဂုတ် ၁၆ ရက်ကနေ ၂၃ ရက်အတွင်း သရက်တောရွာက ၃ ဦး၊ ရီးဒွေးရွာက ၁ ဦး၊ ထိန်တောရွာက ၄ ဦး၊ ကျေးပင်အက်ရွာက ၁ ဦးနဲ့ ဘူးကုန်းရွာအနီးကားလမ်းမပေါ်က ဆီဘောက်ဆာကား သမား ၂ ဦးတို့ဖြစ်ပြီး ၎င်းတို့ကို စစ်ကော်မရှင်တပ်က ပစ်ခတ်ဖမ်းဆီးကာ သတ်ဖြတ်ခဲ့တာလို့ ကျွန်းလှကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ – ကန့် ဘလူခရိုင်က ဖော်ပြထားပါတယ်။

“နာမည်တွေအတိအကျရဖို့က ခက်ခဲတယ်ဗျ။ နေအိမ်မီးရှို့ခံရတာ၊ သတ်ဖြတ်ခံရတာ၊ ရှောင်တိမ်းနေရဆဲမို့ မလွယ်ကူဘူးဗျ။ ကျနော်တို့ရွာက ၂ ရက်ပေါင်း ၅ ကြိမ် မီးရှို့ခံရတာဆိုတော့ အိမ်ခြေ ၂၃၀ တောင် မီးလောင်ပျက်စီးသွားတယ်။ ယာယီတဲထိုးနေဖို့တောင် အတော်ခက်ခဲပါတယ်။ အကူအညီရှိရင်လည်း ကူညီကြဖို့တောင်းဆိုပါတယ်”လို့ ကျွန်းလှကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ – ကန့်ဘလူခရိုင်ကို ကျေးပင်အက်ရွာခံအမျိုးသားတဦးက ပြောဆိုထားပါတယ်။

အထက်ပါစစ်ကြောင်းဟာ ဩဂုတ် ၂၃ ရက်မှာ ယမနေကျေးရွာကနေ ဘူးကုန်းကျေးရွာဘက်ကို စစ်ကြောင်းထိုးလာချိန် ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အိမ်ခြေ ၄၀၀ ကျော်ခန့်ရှိတဲ့ ရေကြည်ဦး၊ စကျင်၊ ကျီးကျင်း၊ ဘူးကုန်း၊ မလယ်ရွာစတဲ့ကျေးရွာတွေကို ဆက် လက်စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာကြောင့် ဒေသခံ ၇,၀၀၀ ကျော် ထွက်ပြေးခဲ့ကြရတာပါ။

ဒါ့အပြင် ဩဂုတ် ၂၄ ရက်မှာလည်း ကျီးကျင်းကျေးရွာကို ဝင်ရောက်ပြီး မီးရှို့ကာ ရွာပတ်ပတ်လည်ကိုလည်း ဒရုန်းဗုံးတွေနဲ့ကြဲချတိုက်ခိုက်ခဲ့သလို ဩဂုတ် ၂၅ ရက်ဒီကနေ့အထိ အဲ့ဒီကျေးရွာအတွင်း တပ်စွဲထားတယ်လို့ သိရပါတယ်။

အခုလိုစစ်ကော်မရှင်တပ်က အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ စစ်ဆေးရေးလုပ်ဆောင်နေတဲ့ ကန့်ဘလူ အရှေ့ဘက်ရှိ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်း-ကွင်းလမ်း-ရေကြည်ဦး-မလယ်ဂိတ်တွေကို စစ်ဆေးမှုမပြုလုပ်နိုင်တော့ဘဲ ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

စာတည်း – လင်း

1 comment

Jefferson January 28, 2026 - 6:44 am

These are truly impressive ideas in concerning blogging.
You have touched some fastidious points here. Any way
keep up wrinting.

My web page wellness treatments

Reply

Leave a Comment

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။