မြိုင်၊ ဒီဇင်ဘာ ၂၁၊ ၂၀၂၅။
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဘုန်းကြီးကန်ရွာကို စစ်ကော်မရှင်ဘက်က ဂျိုင်ရိုကော်ပတာပေါ်ကနေ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး နေအိမ်ပျက်စီးမှုတွေရှိခဲ့တယ်လို့ မြိုင်မြို့ခံတွေဆီက သိရပါတယ်။
မြိုင်၊ ဒီဇင်ဘာ ၂၁၊ ၂၀၂၅။
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဘုန်းကြီးကန်ရွာကို စစ်ကော်မရှင်ဘက်က ဂျိုင်ရိုကော်ပတာပေါ်ကနေ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး နေအိမ်ပျက်စီးမှုတွေရှိခဲ့တယ်လို့ မြိုင်မြို့ခံတွေဆီက သိရပါတယ်။
ဒီဇင်ဘာ ၂၁ ရက် နေ့လယ် ၂ နာရီ ၂၀ မိနစ်လောက်မှာ ဘုန်းကြီးကန်ရွာကို ဂျိုင်ရိုကော်ပတာ ၂ ပေါ်ကနေ ၁၂၀ မမ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် အသက် ၃၀ အရွယ်အမျိုးသမီး ၁ ဦးသေဆုံးပြီး အသက် ၇၀ အရွယ် အဘိုး၊ အဘွား ၂ ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
“အဲ့ဒီရွာမှာက တိုက်ပွဲဖြစ်ပွားခြင်းလည်း မရှိဘူး၊ ဂျိုက်ရိုကော်ပတာ ၂ စီးနဲ့ ပစ်သွားတာ၊ ၁၂၀ မမနဲ့ ၂ လုံး ပစ်သွားတာ၊ နေအိမ် ၃ လုံး ပျက်စီးတယ်၊ နွား ၁ ကောင်သေတယ်၊ အမျိုးသမီး ၁ ဦးသေတယ်။ အဘိုး၊ အဘွား ၂ ဦးဒဏ်ရာရတယ်။ ဒေသခံတွေကတော့ ရွာထဲမှာ အိပ်ကြမယ်မထင်ဘူး၊ တောထဲမှာ အိပ်ကြလောက်တယ်။” လို့ မြိုင်မြို့ခံတဦးက ပြောပါတယ်။


ဘုန်းကြီးကန်ရွာဟာ အိမ်ခြေ ၆၀၀ နဲ့ လူဦးရေ ၁,၀၀၀ ကျော်ရှိတဲ့ကျေးရွာတရွာဖြစ်ပြီး ခုလို လေကြောင်းကနေ တိုက်ခိုက်ခံရတာကြောင့် ဒေသခံတွေလည်းကြောက်လန့်ပြီး တောထဲကိုထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်ကလည်း မြိုင်မြို့နယ်၊ ကန်ကြီးကုန်းရွာကို မကွေးလေတပ်ဘက်ကလာတဲ့ ဂျက်ဖိုက်တာပေါ်ကနေ ၂ ကြိမ် ဗုံးကြဲချတိုက်ခိုက်ခဲ့ပါသေးတယ်။
စာတည်း – လင်း
မလှိုင်၊ ဒီဇင်ဘာ ၂၁၊ ၂၀၂၅။
မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ လယ်ကြီး၊ မျက်သီးကျင်း၊ ရုံးတောကျေးရွာတွေမှာ ၁ ရက်တည်း အုပ်ချုပ်ရေးမှူးအပါအဝင် ၆ ဦး ပစ်သတ်ခံရတယ်လို့ မလှိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
ပစ်သတ်ခံရသူတွေဟာ လယ်ကြီးကျေးရွာနေ အုပ်ချုပ်ရေးမှူး ဦးလှမင်းကြည်၊ ဇနီးဖြစ်သူ ဒေါ်ချိုချိုမြင့်၊ မျက်သီးကျင်းကျေးရွာနေ ဒေါ်လှရှင်၊ သမီးဖြစ်သူ ဒေါ်ယဥ်ယဥ်အောင်၊ သားဖြစ်သူ ဦးမိုးသူနဲ့ ရုံးတောကျေးရွာနေ သားဖွားဆရာမ ဒေါ်အေးအေးခိုင်တို့ဖြစ်ပြီး ဒီဇင်ဘာ ၁၉ ရက်မနက် ၅ နာရီကျော်မှာ နေအိမ်တွေကို သွားရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“၃ ဖွဲ့ခွဲပြီး ၃ ရွာ တပြိုင်တည်းဝင်ရှင်းခဲ့တာ။ အုပ်ချုပ်ရေးမှုးရယ်၊ Nurse(သူနာပြု)ရယ်၊ အရပ်သားဆိုပေမယ့် **တွေနဲ့ပိုင်တယ်ဆိုပြီး မဲကိစ္စတွေမှာပါဝင်ပြီး ဟိုတိုင်ဒီတိုင်လုပ်နေကြတဲ့သူတွေ။ ဒလန်ပေါ့ဗျာ”လို့ မလှိုင်ပကဖတာဝန်ရှိသူတဦးက ပြောပါတယ်။
ဒီပစ်ခတ်မှုကို မလှိုင်မြို့နယ်ပကဖ တပ်ဖွဲ့ဝင်တွေကလုပ်ဆောင်ခဲ့တာဖြစ်ပြီး ၆ ဦးစလုံးဟာ ပစ်ခတ်ခံရပြီးနောက် နေရာတင်ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၂၆ ရက်ကလည်း မလှိုင်မြို့နယ်၊ သဲကန်ကျေးရွာအုပ်ချုပ်ရေးမှူး အသက် ၄၀ ကျော်အရွယ်ရှိ ကိုသိန်းဇော်နဲ့ စာရေး အောင်ကိုမြင့်ကို နေအိမ်မှာ ပစ်သတ်ခံရပြီး သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း
မြေလတ်အသံ၊ ဒီဇင်ဘာ ၁၈၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့နယ်မှာ စစ်ကော်မရှင်တပ်စခန်း ၂ ခုနဲ့ စစ်ကြောင်း ၁ ခု ကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၉ ဦး သေဆုံးပြီး သေနတ် ၁၂ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၃ က ပြောပါတယ်။
ဒီဇင်ဘာ ၁၆ ရက် မနက် ၆ နာရီကျော်မှာ ရဲနဲ့ စစ်ကော်မရှင်ပူးပေါင်းတပ်ဖွဲ့အင်အား ၃၀ ခန့်ရှိ ဆင်တလင်းရွာစခန်းနဲ့ ရွာချင်းကပ်လျက်မှာရှိတဲ့ ထန်းပင်ချောင်းရွာစခန်းကို တပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၁ နာရီကြာတိုက်ခိုက်ပြီးနောက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။


” တရက်တည်းကို ၃ နေရာဖြစ်တာ။ ကျနော်တို့ အဓိကစစ်ရေးဖော်ဆောင်တာက ဆင်တလင်းကိုပါ။ ဆင်တလင်းနဲ့ ထန်းပင်ချောင်းက ဘေးချင်းကပ်ဆိုတော့ စစ်ကူမလာနိုင်အောင် ထန်းပင်ချောင်းကိုပါ တပြိုင်နက်တည်း ဖြတ်တောက်ရေးအနေနဲ့လုပ်လိုက်တာ” လို့ သာယာဝတီခရိုင် PDF ၃၈၀၃ တပ်ရင်းမှူး ဆရာလေးက မြေလတ်အသံကို ပြောပါတယ်။
ဆင်တလင်းရွာစခန်း စခန်းသိမ်းတိုက်ပွဲမှာ ဒုရဲအုပ် ရဲလွင်၊ တပ်ကြပ်ကြီး ၁ ဦး၊ ဒုတပ်ကြပ် ၂ ဦးအပါ စစ်ကော်မရှင်တပ်နဲ့ ရဲတပ်ဖွဲ့ဝင် ၁၈ ဦး သေဆုံးပြီး ဒဏ်ရာရစစ်ကော်မရှင်တပ်ဖွဲ့ဝင်အများအပြားဟာ ကွမ်းခြံရွာစခန်းကို ဆုတ်ခွာထွက်ပြေးသွားခဲ့ကြတယ်လို့ ဆိုပါတယ်။


“၁၈ ဦးသေတာကို ကျနော်တို့အလောင်းတွေကို ရေတွက်ခဲ့နိုင်လို့အတည်ပြုခဲ့တာပါ။ လက်နက်၊ ခဲယမ်းတွေကိုလည်း ဆင်တလင်းကပဲရခဲ့တာ။ တချို့ဆုတ်ပြေးတဲ့ကောင်တွေက သေတဲ့ကောင်တွေဆီက လက်နက်တွေကောက်ပြီး ဆုတ်သွားတာရှိတယ်။ အဲ့လိုကြောင့်မို့ လက်နက်ကတော့ အပြည့်မရလိုက်ဘူး။ ထန်းပင်ချောင်းကတော့ တယောက်ဒဏ်ရာရတယ်လို့ပဲသိရတယ်၊ လက်နက်တွေမရခဲ့ဘူး” လို့ တပ်ရင်းမှူးက ပြောပါတယ်။
ဒါ့အပြင် အဲ့ဒီနေ့ ညနေ ၃ နာရီလောက်မှာ ဆင်တလင်းစခန်းကနေ ထွက်ပြေးသွားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ကွမ်းခြံရွာစခန်းက ပူးပေါင်းစစ်အင်အား ၈၀ ခန့်ဟာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေတည်ရှိရာဘက်ကို တန်ပြန်စစ်ကြောင်းထိုးလာခဲ့တာကြောင့် တောင်တန်းမြိုင်ရွာအနီးမှာ ထိတွေ့တိုက်ပွဲ မိနစ်၂၀ ခန့် ထပ်မံဖြစ်ပွားခဲ့ကာ အဲ့ဒီထိတွေ့မှုမှာ စစ်ကော်မရှင်တပ်သား ၁ ဦးထပ်မံသေဆုံးတယ်လို့ ဆိုပါတယ်။



စခန်းသိမ်းတိုက်ပွဲကနေ စစ်ကော်မရှင်တပ်သားတွေကိုင်ဆောင်တဲ့ MA-1 သေနတ် ၄ လက်၊ MA-3 သေနတ် ၆ လက်၊ BA 63 (G 3 )သေနတ် ၁ လက်၊ ခြောက်လုံးပြူး ၁ လက် စုစုပေါင်း လက်နက်ငယ် ၁၂ လက်နဲ့ ဆက်စပ်ခဲယမ်းပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တာပါ။
တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာရ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကို ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ -၂၂ကွပ်ကဲမှုနဲ့ သာယာဝတီခရိုင် တပ်ရင်း ၃ (Myanmar Defense Force – MDF)၊ သာယာဝတီခရိုင် တပ်ရင်း ၂၊ တပ်ခွဲ ၂၊ ၃၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ လက်ပံတန်းမြို့နယ်(ပကဖ) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ သာယာဝတီခရိုင် ပကဖ ရွှေတန်းမြေ တိုက်ခိုက်ရေးတပ်ဖွဲ့ ၁၊ ၂၊ ရန်ကုန်တိုင်းပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ၃၊ အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့-ACDF တပ်ရင်း ၃ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
မြေလတ်အသံ၊ ဒီဇင်ဘာ ၁၈၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်နေရာ ၂ ခုကို စစ်ကော်မရှင်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မိသားစုလိုက်သေဆုံးခဲ့ပြီး ဘုန်းကြီးအပါ ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီဇင်ဘာ ၁၇ ရက်ည ၈နာရီကျော်မှာ ဆည်တောကျေးရွာအနီးရှိ အမှတ် ၃ ခရိုင်ချင်းဆက်လမ်းဘေးနေရာကို တိုက်လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူနေအိမ်ပေါ်ကို ဗုံးကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ်တွင်းရှိ မိသားစုဝင် ၄ ဦးနဲ့ အလုပ်သမား ၁ ဦးသေဆုံးခဲ့တာလို့ ဆိုပါတယ်။
” ဗုံးသီးက အိမ်ပေါ်ကျတာ အိမ်ကလုံးဝပျက်စီးတယ်ဗျ။ အိမ်ပေါ်မှာရှိနေတဲ့ ၅ ယောက် ကတော့ ပွဲချင်းပြီးသေတာပဲ။ တိုက်ပွဲဖြစ်တာ ဘာညာလုံးဝမရှိဘဲ။ ဒီအတိုင်းလာကြဲသွားတာ”လို့ ဝက်လက်ဒေသခံအမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။

သေဆုံးသူတွေဟာ ဆည်တောရွာခံအသက် ၆၅ နှစ် ဦးညွန့်ဝေနဲ့ ဇနီးဒေါ်မြင့်ကြည်၊ အသက်၂၀ နဲ့ ၃၀ အကြားရှိ သမီးနဲ့ ချွေးမဖြစ်သူ အမျိုးသမီး ၂ ဦး၊ အလုပ်သမား အမျိုးသား ၁ ဦး စုစုပေါင်း ၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဦးညွန့်ဝေ နေအိမ်အနီး နောက်ထပ်နေအိမ်တခုက အမျိုးသား၊ အမျိုးသမီး ၅ ဦး ဒဏ်ရာရရှိခဲ့ကာ အဲ့ဒီထဲမှာ ၂ ဦး ဒဏ်ရာပြင်းထန်ကြတယ်လို့ အထက်ပါအမျိုးသားက ပြောပါတယ်။
အလားတူ ဒီကနေ့ ဒီဇင်ဘာ ၁၈ ရက် မနက် ၁၀ နာရီကျော်မှာ ဝက်လက်မြို့နယ်၊ သစ်ဆိမ့်ကျေးရွာရှိ စက်လှေဆိပ်ကို စစ်ကော်မရှင်တပ်က ဒရုန်း ၂ စီးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် သံဃာ ၁ ပါးနဲ့ စစ်ရှောင် ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
” ဘုန်းကြီးက ဒဏ်ရာပြင်းတယ်။ စိုးရိမ်ရပါတယ်။ ကျန်နှစ်ယောက်ကတော့ အသေးစားထိခိုက်သွားတာ။ ကျောက်မြာင်း ခမရ -၁၂ကနေ suicide Drone(အသေခံဒရုန်း)၂ စီးနဲ့ လေကြောင်းတိုက်ခိုက်သွားတာ”လို့ အထက်ပါဒေသခံက ပြောပါတယ်။
ဒရုန်းနဲ့ဗုံးကြဲခံရတာကြောင့် စက်လှေဆိပ်အနီးရှိနေတဲ့ စဥ့်ကူးမြို့နယ်စစ်ရှောင် ဘုန်းကြီး ၁ ပါးနဲ့ လသားအရွယ်ကလေးနဲ့မိခင်တို့ ဒဏ်ရာတွေရရှိခဲ့တာလည်း ဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၃ ရက်ညပိုင်းလည်း ဝက်လက်မြို့နယ်၊ ထုံးဘိုကျေးရွာနဲ့ ရှားကွဲကျေးရွာကြားရှိ စစ်ရှောင်တွေနေတဲ့ လမ်းဘေးနေရာတွေကို တိုက်ခိုက်ရေးလေယာဥ် ၂ စီးနဲ့ ဗုံးကြဲချခဲ့တာကြောင့် စစ်ရှောင် ကလေးငယ် ၁ ဦးအပါ ၄ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
စာတည်း – ဟိန်းစံ
မြေလတ်အသံ၊ ဒီဇင်ဘာ ၁၆၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့ နယ်မှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဖြစ်ခဲ့တဲ့တိုက်ပွဲအတွင်း ၂ ဖက်သေဆုံးမှုရှိပြီး စစ်ကော်မရှင်တပ်တွေဆီက သေနတ် ၄ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ပဲခူးရိုးမ PDF- ဗျူဟာ၂၂ က ဒီဇင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၁၂ ရက်ည ၈ နာရီကျော်မှာ အင်အား ၇၀ ပါ တပ်မ ၆၆ စစ်ကော်မရှင်တပ်သားတွေဟာ နတ်တလင်းမြို့ပေါ်ကနေ ခြေလျင်စစ်ကြောင်းထိုးထွက်လာရာ ဒမငယ်ကျေးရွာအနီးအရောက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


“စစ်ကြောင်း စထွက်တာတွေကျ ဟိုနည်းနည်း ဒီနည်းနည်း စုပြီးကားတွေနဲ့ပို့၊ အဲ့ကနေ ခြေလျင် ဆက်တက်ကြတာပေါ့။ ပွဲဖြစ်တာက မိနစ် ၅၀ လောက်ကြာတယ်။ သေဆုံးအလောင်းတွေကို ရခဲ့တယ်။ အတို (ပစ္စတို) ၁ လက်နဲ့ အရှည် ၃ လက်သိမ်းဆည်းရခဲ့တယ်။ ကျနော်တို့ရဲဘော် ၁ ယောက်ကျတယ်။ ၁ ယောက်ဒဏ်ရာရခဲ့တယ်”လို့ ပဲခူးရိုးမ PDF – ဗျူဟာ ၂၂ မှ တာဝန်ခံက ပြောပါတယ်။
တိုက်ခိုက်ခံရတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ နတ်တလင်းမြို့ပေါ်ကိုပြန်ဆုတ်သွားပြီးနောက် နယ်မြေရှင်လင်းလင်းရေးလုပ်ချိန် ၁ ပွင့်ဗိုလ် ၁ ဦး၊ တပ်သား ၂ ဦးတို့ရဲ့ ရုပ်အလောင်းတွေနဲ့ ၎င်းတို့ ကိုင်ဆောင်တဲ့ သေနတ် ၃ လက်တို့ကို သိမ်းဆည်းရရှိခဲ့တာလို့ ဆိုပါတယ်။


ဒါ့အပြင် ဒမငယ်ရွာတိုက်ပွဲကနေ လူစုကွဲထွက်ပြေးခဲ့တဲ့တဲ့ စစ်ကော်မရှင်တပ်သား ၁ ဦးကိုလည်း ဒီဇင်ဘာ ၁၄ ရက်မနက် ၆ နာရီကျော်မှာ အဲဒီကျေးရွာအနီးပစ်ခတ်မှုဖြစ်ချိန် သေဆုံးပြီး အလောင်းနဲ့ သေနတ် ၁ လက်ကို သိမ်းဆည်းရရှိခဲ့သေးတယ်လို့ အထက်ပါ တာဝန်ခံကပြောပါတယ်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဆီကနေ စုစုပေါင်းသေဆုံးရုပ်အလောင်း ၄ လောင်းနဲ့ ပစ္စတို ၁ လက်၊ MA 1- ၁ လက်၊ MA 11- ၁ လက်၊ MA 5- ၁ လက်နဲ့ စကားပြောစက်၊ ကျည်ဘောက်၊ ခဲယမ်းတွေကို သိမ်းဆည်းရရှိခဲ့တာလို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို အမှတ်၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ဗျူဟာ ၂၂ ကွပ်ကဲမှုအောက်ရှိ သာယာဝတီခရိုင် တပ်ရင်း -၁၊ တပ်ခွဲ ၂၊ ၃၊ ၄၊ ၆၊ ၇၊ တပ်ရင်းဒရုန်းတပ်ဖွဲ့၊ သာယာဝတီခရိုင်တပ်ရင်း -၂၊ တပ် ခွဲ -၁၊ နတ်တလင်း ပကဖ၊ ဇီးကုန်း ပကဖ၊ Spring Bees UAV Forceတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နိုဝင်ဘာ ၃၀ ရက်ကလည်း လက်ပံတန်းမြို့နယ်၊ သရက်ကုန်းရွာရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်ကို ဗျူဟာ ၂၂ ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်တိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး သေနတ် ၂ လက်သိမ်း ဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
စာတည်း – လင်း
မြေလတ်အသံ၊ ဒီဇင်ဘာ ၁၆၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ခရီးသည်တင်ကားတွေပိတ်မိနေတဲ့နေရာတွေကို စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သံဃာ ၁ ပါးအပါ ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာ ၁၆ ရက် ဒီကနေ့မနက် ၁၀ နာရီကျော်မှာ ရွှေဘိုမြို့နယ်၊ ရွာသစ်ကုန်းနဲ့ မအူကျေးရွာအနီး ပိတ်မိနေတဲ့ ခရီးသည်တင်ယာဥ်တွေကို တိုက်ခိုက်ရေးလေယာဥ်နဲ့ ၇ ကြိမ် တိုက်ခိုက်ခဲ့သလို စက်တပ်လေထီး ( Gyrocopter ) ၃ စီးနဲ့ပါ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


” ခင်ဦး-ကန့်ဘလူအစပ်က **ဂိတ် ( ဇီးကုန်းမြို့အဝင်စစ်ကော်မရှင်တပ်စစ်ဆေးရေးဂိတ်) က ပိတ်ထားတော့ ဒီဘက်ကအဖွဲ့တွေက ကားတွေဖြည်းဖြည်းချင်း မြို့နယ်အလိုက် ကွင်းလမ်းက လွှတ်ပေးနေတာပါ။ အဲ့နေရာမှာ ခရီးသွားကားတန်းပိတ်မိနေတဲ့နေရာ ပစ်သွားတာပါ။ ထိခိုက်က ရွာသစ်ကုန်းအနီးက ဟာတွေဗျ “ လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
သေဆုံးသူ ၄ ဦးမှာ ရွာသစ်ကုန်းရွာအနီး ပိတ်မိနေတဲ့ခရီးသည်တင်ယာဥ်တွေထဲက ဘုန်းကြီးကား( RLG နံပါတ်)ပေါ်မှ သံဃာ ၁ ပါးနဲ့ အမျိုးသား ၃ ဦးဖြစ်ပြီး နောက်ထပ်အမျိုးသား၊ အမျိုးသမီး ၄ ဦး လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ကား ၃ စီးမီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေဟာ ရွှေဘိုနဲ့အနီးတဝိုက်ကဒေသခံတွေမဟုတ်ဘဲ ခရီးသွားတွေဖြစ်ကြတာကြောင့် သူတို့ရဲ့ကိုယ်ရေးအချက်အလက်တွေကို မသိရှိရသေးဘူးလို့လည်း ဆိုပါတယ်။
မအူကျေးရွာဇရပ်အနီး ဗုံးကြဲတိုက်ခိုက်မှုမှာ ခရီးသည်ကား ၈ စီး ထိခိုက်ပျက်စီးမှုရှိခဲ့ပေမယ့် ကနဦး အခြေအနေတွေအရ လူထိခိုက်မှုအသေးစိတ်အချက်အလက်တွေ မသိရှိရသေးဘူးလို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်ကလည်း ရွှေဘိုမြို့ နယ်အရှေ့ခြမ်းရှိ သစ်ချိုပင်ကျေးရွာကို စစ်ကော်မရှင်တပ်က လေယာဥ်နဲ့ဗုံးကြဲခဲ့တာကြောင့် ၇ နှစ်ကလေး ၁ ဦးနဲ့ လင်မယား ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မလှိုင်၊ ဒီဇင်ဘာ ၁၆၊ ၂၀၂၅။
မန္တလေးတိုင်း၊ မလှိုင်မြို့နယ်မှာ စစ်ကော်မရှင်လက်အောက် ကျေးရွာအုပ်ချုပ်ရေးမှူးတဦး သေနတ်ပစ်ခံရပြီးသေဆုံးသွားတယ်လို့ မလှိုင်မြို့နယ်ပကဖထံက သိရပါတယ်။
သေဆုံးသူမှာ အသက် ၆၆ နှစ်ရှိ ဖျောက်ဆိတ်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ထွန်းဆိုသူဖြစ်ပြီး ဒီဇင်ဘာ ၁၄ ရက် ညနေ ၆ နာရီခန့် ကျေးရွာအတွင်းဖဲဝိုင်းမှာ လောင်းကစားနေစဥ် ဖမ်းဆီးပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
” ရွာလယ်လမ်းမှာ ပစ်ခဲ့တာ ၂ ချက်တည်း။ သူ့ကိုသွားဖမ်းချိန် ဖဲဝိုင်းမှာတွေ့လို့ ဆွဲထုတ်လာပြီး ပစ်ခတ်ခဲ့တာ” လို့ မလှိုင်မြို့နယ်ပကဖတာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။
အုပ်ချုပ်ရေးမှူး ဦးမောင်ထွန်းမှာ သေနတ်နဲ့အနီးကပ် ၂ ချက်ပစ်ခတ်ခံရလို့ ဦးခေါင်းနဲ့ရင်ဘတ်တွေမှာ ကျည်ထိမှန်ဒဏ်ရာရရှိပြီး နေရာမှာပဲသေဆုံးသွားတယ်လို့ သိရပါတယ်။
အုပ်ချုပ်ရေးမှူးဟာ စစ်ကော်မရှင်တပ်အတွက် လူငယ်တွေကိုစစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်တာ၊ စစ်ကော်မရှင်ကပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် မဲစာရင်းကောက်ယူတာ၊ မဲရုံကိစ္စတွေကို လိုက်ပါလုပ်ဆောင်နေတာကြောင့်ပစ်ခတ်ခဲ့တာလို့ သူကဆိုပါတယ်။
လာမယ့် ဒီဇင်ဘာ ၂၈ ရက်နဲ့ ၂၀၂၆ ဇန်နဝါရီ ၁၁ ရက်မှာ ရွေးကောက်ပွဲအပိုင်း ၁ နဲ့ ၂ ကို ပြုလုပ်မယ်လို့ စစ်ကော်မရှင်က ကြေညာထားပြီး အဲ့ဒီထုတ်ပြန်ချက်တွေမှာ မန္တလေးတိုင်းက မြို့နယ် ၁၇ ခုမှာပြုလုပ်မှာဖြစ်ကြောင်းဖော်ပြထားပေမယ့် မလှိုင်မြို့နယ် ပါဝင်တာမရှိသေးပါဘူး။
နိုဝင်ဘာ ၂၆ ရက်ကလည်း မလှိုင်မြို့နယ်၊ သဲကန်ကျေးရွာအုပ်ချုပ်ရေးမှူး အသက် ၄၀ ကျော်အရွယ် ကိုသိန်းဇော်နဲ့ စာရေး အောင်ကိုမြင့်ကို နေအိမ်မှာပစ်သတ်ခံရပြီး သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။
ဝေါ၊ ဒီဇင်ဘာ ၁၃၊ ၂၀၂၅။
ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ လက်ပန်ကျေးရွာမှာ စစ်ဆေးရေးလုပ်နေတဲ့ ပျူစောထီးနဲ့ရဲတွေ စနိုက်ပါနဲ့ ပစ်ခံရပြီးနောက် အဲ့ဒီထဲကပျူစောထီးခေါင်းဆောင်သေဆုံးတယ်လို့ ပဲခူးခရိုင်ပကဖ တာဝန်ရှိသူတွေဆီက သိရပါတယ်။
ဒီဇင်ဘာ ၁၃ ရက် မနက် ၉ နာရီမှာ ကျေးရွာအနောက်ဘက်စစ်တောင်းမြစ်ဘေး ကုန်းပေါ်ကြီးဂိတ်မှာ အင်အား ၁၀ ဦးကျော်နဲ့စစ်ဆေးနေတဲ့ ပျူစောထီးနဲ့ ရဲတွေကိုသွားရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“သွားပစ်တာက ၂ ချက်၊ ၁ ချက်က ပျူခေါင်းဆောင် ဝမ်းဗိုက်ထိမှန်ပြီးလဲကျသွားတာ မြင်ရတယ်။ နောက် ၁ ချက်က ရဲ ၁ ဦးထိတယ်”လို့ ပဲခူးခရိုင်ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။
လက်ပန်ရွာထိပ်မှာ ရဲနဲ့ပျူစောထီးတွေကဂိတ်ချထားပြီး ကျေးရွာအဝင်အထွက်တွေကို အမြဲစစ်ဆေးလေ့ရှိကာ ရွာအဝင်အထွက်တွေကို ပျူစောထီးတွေထုတ်ပေးတဲ့လက်မှတ်ပါမှ ဝင်ထွက်ခွင့်ရှိတာလို့ ဆိုပါတယ်။
စနိုက်ပါနဲ့ပစ်ခံရပြီးနောက် ပျူစောထီးခေါင်းဆောင် အသက် ၅၀ ကျော်အရွယ်ရှိ ကုလားဘကျွန်း ဆိုသူမှာ ဗိုက်ပွင့်သေဆုံးပြီး ရဲ ၁ ဦးလက်ထိဒဏ်ရာရသွားတာကို ရွာခံတွေဆီက ပြန်လည်စုံစမ်းသိရတယ်လို့ ဆိုပါတယ်။
အဆိုပါပစ်ခတ်မှုကိုတော့ ပဲခူးခရိုင်ပကဖ နဲ့အတူ ပူးပေါင်းအဖွဲ့တွေဘက်က သွားရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက် မြစ်ကျိုးဘက်ကဆင်းလာတဲ့ စစ်ကော်မရှင်အဖွဲ့ဝင် အင်အား ၅၀ ခန့်ဟာ ကား ၂ စီးနဲ့ ကျေးရွာကိုရောက်လာပြီး လမ်းပိတ်စစ်ဆေးတာတွေ၊ နေအိမ်တွေဝင်စစ်တာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၁၁ ရက်ကလည်း ဝေါမြို့နယ်၊ မြစ်ကျိုးကျေးရွာ စျေးအနီးမှာ မြစ်ကျိုးရဲစခန်း နယ်ထိန်းရဲဒုတပ်ကြပ် ၁ ဦးပစ်သတ်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။
စာတည်း – လင်း
ကောလင်း၊ ဒီဇင်ဘာ ၁၂၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အရှေ့ခြမ်းက ကန်ပေါက်တာရွာနဲ့ တံစူးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းကနေဗုံးကြဲချခဲ့တာကြောင့် ကလေးမိခင် ၁ ဦးသေဆုံးပြီး ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ကန်ပေါက်တာရွာကို ဒီဇင်ဘာ ၁၁ ရက် ည ၉ နာရီခွဲမှာ ၁ ကြိမ်၊ ၉ နာရီ ၃၆ မိနစ်မှာ ၁ ကြိမ် တံတားဦးလေတပ်ဘက်ကလာတဲ့ဂျက်ဖိုက်တာ ၁ စီးနဲ့ဗုံးကြဲခဲ့ပြီး ည ၁၀ နာရီ ၅၈ မိနစ်မှာလည်း တံစူးရွာကိုလည်း မိတ္ထီလာတပ်ဘက်ကလာတဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။


“ပထမတရွာကို ကြဲတာ နေအိမ်ပေါ်ကျပြီး ကလေးမိခင်သေတာ၊ ကလေး ၂ ယောက်ကတော့ ဒဏ်ရာရတယ်လို့ သိရတယ်။ အမျိုးသားဖြစ်သူက ဝါးခုတ်သွားလို့ လွတ်သွားတာ”လို့ ဒေသခံတဦးက ပြောပါတယ်။
သေဆုံးသူဟာ ကန်ပေါက်တောရွာက မိခင်အမျိုးသမီး ၁ ဦးဖြစ်ပြီး ၆ နှစ်အရွယ်သမီးဖြစ်သူနဲ့ ၃ လသားအရွယ် ယောကျာ်းလေး ၁ ဦးကတော့ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။


တံစူးရွာ လေကြောင်းတိုက်ခံရမှုမှာ အဆောက်အဦတွေ ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။
ဒီဇင်ဘာလဆန်းပိုင်းကစလို့ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်းအတွင်းက ကျေးရွာတွေကို စစ်ကော်မရှင်တပ်က ဆက်တိုက်ဆိုသလိုဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံတွေလည်း ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နဲ့ ကသာမြို့နယ်တို့ကို ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအမျိုးသား ၁ ဦးသေဆုံးခဲ့ပါသေးတယ်။
သတင်း – မြတ်