အုတ်ဖို၊ မေ ၄၊ ၂၀၂၆။
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ သုံးပွင့်ဆိုင်ကျေးရွာအနီးမှာ သစ်ကယ်ရီသမားအမျိုးသား ၁ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်-PDF တွေက ဝိုင်းဝန်းရိုက်နှက်သတ်ဖြတ်ခဲ့တယ်လို့ မိသားစုနဲ့နီးစပ်သူတွေနဲ့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
သတ်ဖြတ်ခံရသူဟာ မင်းလှမြို့နယ်၊ စိန်ကန့်လန့်ကျေးရွာနေတဲ့ အသက် ၄၃ နှစ်အရွယ် ကိုကျော်လင်းနိုင် ဖြစ်ပြီး ဧပြီ၂၅ ရက် မနက် ၈ နာရီခန့်မှာ ပဲခူးရိုးမပေါ်ကနေ ဆိုင်ကယ်နဲ့ သစ်တွေသယ်ဆောင်မောင်းနှင်လာချိန် သုံးပွင့်ဆိုင်ကျေးရွာအနီးမှာရောက်ရှိနေတဲ့ PDF တပ်ဖွဲ့ဝင်တွေကတာဆီးခဲ့ရာ ရပ်တန့်မပေးတာကြောင့် ဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။
“သစ်ဆိုင်ကယ်ကိုလှမ်းတားတာ ရပ်မပေးလို့ဆိုပြီး နောက်ကဆိုင်ကယ် ၂ စီးနဲ့ ရဲဘော်(PDF) ၆ယောက်လိုက်သွားတယ်။ သေနတ် ၂ ချက်ဖောက်ပြီး သစ်ဆိုင်ကယ်တွေကို ရပ်ခိုင်းတယ်။ အဲ့ဒီမှာ ကျော်လင်းနိုင်ကို မမေးမြန်းဘဲ ဆိုင်ကယ်ပေါ်ကဆင်းတာနဲ့ တန်းရိုက်တော့တာပဲ။ ဘေးမှာ ပြည်သူ(သစ်ကယ်ရီသမား)တွေလည်း မျက်မြင်ပေါ့။ ဆိုင်ကယ်သမားက “ဆရာတို့ရယ်ကျွန်တော် ဆိုင်ကယ်သံနဲ့ဆိုတော့ မကြားလို့ပါ” ဆိုပြီး ပြောတာတောင်မရဘူး” လို့် ဖြစ်စဥ်ကိုသိရှိတဲ့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။
ကြိုးတုပ်ရိုက်နှက်ပြီးနောက် ကျေးရွာအနီး လယ်ကွင်းထဲကိုခေါ်ဆောင်ကာ သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်ခဲ့တာလို့ သိရပါတယ်။
ဖမ်းဆီးသတ်ဖြတ်သူတွေဟာ ဗျူဟာ ၂၂ လက်အောက်ခံ သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ၃ (၃၈၀၃) က ကုလားကြီး(ခ) ဖြူဖွေး ဦးဆောင်တဲ့ PDF တပ်ဖွဲ့ဝင်တွေဖြစ်ပြီး အခင်းဖြစ်ပွားချိန်မှာ ဗျူဟာ ၂၂ ဗျူဟာမှူးနဲ့ တပ်ရင်း ၃ တပ်ရင်းမှူးအသစ်တို့လည်း ရှိနေကြတယ်လို့ ဖြစ်စဥ်ကိုသိရှိသူတွေက ဆိုကြပါတယ်။
အသတ်ခံရသူ ကိုကျော်လင်းနိုင်ရဲ့အလောင်းကို မိသားစုဝင်တွေကလာရောက်မယူဆောင်ရဲတာကြောင့် ကျေးရွာအနီးနေသူတွေက ဧပြီ ၂၆ ရက်မှာ သင်္ဂြိုဟ်ပေးလိုက်ရတယ်လို့ သိရပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်လို့ ဗျုဟာ ၂၂ လက်အောက်မှာရှိတဲ့ သာယာဝတီခရိုင်တပ်ရင်း ၂ (၃၈၀၂) ကို မိသားစုဝင်တွေဘက်က တိုင်ကြားစာပို့ထားတယ်လို့သိရပြီး တဖက်မှာလည်း တပ်ရင်း ၃ တပ်ဖွဲ့ဝင်တွေဘက်က သေဆုံးသူဟာ စစ်တပ်သတင်းပေးဖြစ်ကြောင်း သတင်းထုတ်လွှင့်တာတွေလုပ်ဆောင်နေတယ်လို့ မိသားစုဝင်နဲ့ နီးစပ်တဲ့တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
“လူသတ်ပြီးရင် အဲ့ခေါင်းစဉ်(စစ်တပ်သတင်းပေး)အောက်မှာ မိအေး၂ခါနာဖြစ်ပြီး သေသူကိုစော်ကားရာကျပါတယ်။ သစ်ဆွဲစားတာကြာပါပြီ။ (သေဆုံးသူက) တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လိုအပ်တာတွေကိုလည်း ပစ္စည်းတွေသယ်ယူပေးပါတယ်”လို့ ပြောပါတယ်။
ကိုကျော်လင်းနိုင် သေဆုံးချိန်မှာ ဇနီးနဲ့အသက် ၉ နှစ်အရွယ်သမီး ၁ ဦး ကျန်ရှိခဲ့ပြီး သေဆုံးသူဟာ ဆိုင်ကယ် ကယ်ရီမောင်းနှင်တာ၊ ဆိုင်ကယ်နဲ့ သစ်ဆွဲကယ်ရီလုပ်ကိုင်သူသာဖြစ်ကာ စစ်တပ်နဲ့ပတ်သက်ဆက်နွယ်သူမဟုတ်ကြောင်း မိသားစုနဲ့နီးစပ်သူတွေ၊ ကိုကျော်လင်းနိုင်ကို သိရှိတဲ့ ဒေသတွင်း PDF တပ်ဖွဲ့ဝင်တွေက ပြောဆိုပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ဗျူဟာ ၂၂ ဘက်က သတင်းထုတ်ပြန်မှုတစုံတရာမတွေ့ရသေးဘဲ အသေး စိတ်သိရှိနိုင်ရေး ဗျူဟာ၂၂ ရဲ့ ဖေ့ဘွတ်မက်ဆင်ဂျာကတဆင့် မြေလတ်အသံက မေးမြန်းခဲ့ရာဖြစ်စဥ်အပေါ်ဖြေဆိုခွင့်မရှိကြောင်းနဲ့ ဗျုဟာမှူးထံ တိုက်ရိုက်ဆက်သွယ်မေးမြန်းဖို့ ပြန်လည်ဖြေကြားပါတယ်။
ဆက်လက်ပြီး ဗျူဟာ ၂၂ ဗျူဟာမှူး ကိုစောဂျိန်းထံ ထပ်မံဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
ကိုကျော်လင်းနိုင် ကို သတ်ဖြတ်ခဲ့တယ်လို့ဆိုတဲ့ တပ်ရင်း ၃ က တပ်ဖွဲ့ဝင် ကုလားကြီး(ခ) ဖြူဖွေး ဦး ဆောင်တဲ့ တပ်ဖွဲ့ဝင် ၆ ဦးအပေါ်ကိုလည်း လက်ရှိအထိ တစုံတရာအရေးယူဆောင်ရွက်တာတွေ မရှိသေးဘူးလို့ ဒေသတွင်းတပ်ဖွဲ့ဝင်တွေက ဆိုကြပါတယ်။
ကိုကျော်လင်းနိုင်အသတ်ခံရပြီးနောက် မိသားစုဝင်တွေပါ ကြောက်လန့်နေကြပြီး လုံခြုံရေးအခြေနေအရ ဘေးလွတ်ရာကိုတိမ်းရှောင်နေရတယ်လို့ မိသားစုနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
စာတည်း – ဟိန်းစံ။