◾️စစ်ကြောင်းထိုးစဥ် ဒေသခံတွေရဲ့ ကား၊ ထွန်စက်၊ ပဲ၊ နှမ်းနဲ့ အပ်ချုပ်စက်ပါ မချန်ယူသွား
ကျောက်ပန်းတောင်း၊ ဩဂုတ် ၂၁၊ ၂၀၂၆။
မန္တလေးတိုင်းထဲက ကျောက်ပန်းတောင်းနဲ့ မလှိုင်မြို့နယ်ထဲတွေထဲမှာ ရက်သတ္တ ၂ ပတ်ကျော်ကြာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ လမ်းတလျှောက်က ပြည်သူ့နေအိမ် ၁၆၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သလို အဖိုးတန်ပစ္စည်းမျိုးစုံကိုလည်း ယူဆောင်သွားကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီစစ်ကြောင်းဟာ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပါးတောင်ဝန်းကျင်ကို ဩဂုတ်လ ၃ ရက်နေ့က အင်အား ၅၀၀ ခန့်နဲ့ စတင်စစ်ကြောင်းထိုးပြီး ရွာစဥ်လှည့်ကာ စိတ္ထိန်း၊ သုံးအိမ်ကုန်း၊ သီးကုန်း၊ ဒီးဒုတ်ကုန်းနဲ့ ကမ္ဘားတဲစတဲ့ ကျေးရွာတွေမှာ မီးရှို့ဖျက်ဆီးခိုးယူခဲ့ကြသလို မလှိုင်မြို့နယ်ဘက်မှာလည်း မိတ်ကုန်း၊ လယ်ဗျား၊ ကျောက်တန်းနဲ့ မုံပင်စတဲ့ လမ်းတလျောက်က ကျေးရွာတွေကို အလားတူ မီးရှို့ဖျက်ဆီးကာ ဒေသခံတွေရဲ့ အဖိုးတန်ပစ္စည်းတွေ၊ လယ်ယာလုပ်ငန်းသုံးပစ္စည်းတွေအပြင် ဖောကား ၁ စီး၊ လိုက်ထရပ် ၂ စီး၊ ထွန်စက် ၂ စီး၊ ထော်လာဂျီ ၁ စီးနဲ့ ဆိုင်ကယ်အစီး ၂၀ ကျော်တို့ကိုလည်း ယူဆောင်သွားတယ်လို့ ဆိုပါတယ်။

“စစ်တိုက်ဖို့လာတာ မဟုတ်ဘူးထင်ပါတယ်။ တကယ်တိုက်ချင်ရင် PDF ရှိတဲ့ နေရာတွေကို သူတို့သိမှာပါ။ ပြည်သူတွေမှာရှိတဲ့ ပစ္စည်းအကုန်ယူ ဖျက်ဆီးပစ်ကြတဲ့အခါ PDF ကိုလည်း မထောက်ပံ့နိုင်အောင် စားဝတ်နေရေး ကြပ်တည်းအောင် လုပ်တယ်လို့ ယူဆတယ်။ နေစရာ၊ စားစရာ ခက်ခဲအောင်လုပ်တဲ့ နည်းဗျူဟာပေါ့ အဓိကပစ်မှတ်က ပုပ္ပါးတောင်ခြေရင်းပေါ့” လို့ မလှိုင်လူထုသတင်းကွန်ယက်ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
ရက်စွဲတွေအလိုက် စစ်ကောင်စီ စစ်ကြောင်းရဲ့ ဖျက်ဆီးမှုတွေမှာ ဩဂုတ်လ ၃ ရက်ကနေ ၉ ရက်အတွင်း စိတ္တိန်းမြောက်နဲ့ တောင်ရွာတွေက မီးဖိုတဲအပါ နေအိမ် ၂၁ လုံး၊လိုက်ထရပ်ကား ၁ စီး၊ ဆိုင်ကယ် အစီး ၂၀ ခန့်နဲ့ အဖိုးတန်ပစ္စည်းမျိုးစုံတို့ဖြစ်ပြီး၊ လယ်ကြီးရွာက ထော်လာဂျီ ၁ စီးတို့ကို ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။


အဲဒီအပြင် ဩဂုတ်လ ၁၁ ရက်ကနေ ၁၇ ရက်အတွင်း ကူလည်ရွာက နေအိမ် ၁ လုံး၊ ချောင်းခြားရွာက နေအိမ် ၂ လုံး၊ သုံးအိမ်ကုန်းရွာက နေအိမ် ၁၇ လုံးခန့်၊ သီးကုန်းရွာက နေအိမ် ၃၀ နဲ့ ဒီးဒုတ်ကုန်းရွာက နွားစာတိုက်အပါအဝင် နေအိမ် ၁၆ လုံးဝန်းကျင်အပြင်၊ သရက်ချိုကုန်းက နေအိမ် ၆ လုံး၊ ဖလံကျင်းတောတိုက်(လယ်တော)ထဲက နေအိမ် ၃ လုံး၊ ကမ္ဘားတဲ(တောင်)ရွာက နေအိမ် ၁၈ လုံး၊ ကမ္ဘားတဲ(မြောက်)ရွာက နေအိမ် ၈ လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။
အလားတူ ဩဂုတ်လ ၁၆ ရက်နေ့မှာတော့ ကျောက်ပန်းတောင်မြို့နယ် အရှေ့ဘက်က လေးပင်ရွာကို မီးရှို့ဖို့ဝင်ရောက်ချိန် ကျေးရွာဘုန်းတော်ကြီးမှ မေတ္တာရပ်ခံခဲ့လို့ မီးမရှို့တော့ပဲ ရွာထဲက လိုက်ထရပ်ကား ၁ စီး၊ လယ်ထွန်စက် ၁ စီး၊ ဆိုလာနဲ့ ဘက်ထရီ၊ အပ်ချုပ်စက်၊ ပဲ၊ နှမ်းနဲ့ အခြားအသုံးဆောင်ပစ္စည်းတွေကို ယူသွားတဲ့အပြင် မီးဖွားနေတဲ့ အမျိုးသမီးဆီက ငွေသား သုံးသိန်းကျပ်နဲ့ ဖုန်း ၁ လုံး၊ မီးဖွားသူအမျိုးသမီးကို ကူညီပေးနေတဲ့ အမျိုးသမီးငယ်ကို ရိုက်နှက်ကာ ငွေ ၁ သိန်းကျပ်ကိုလည်း တောင်းယူသွားခဲ့တယ်လို့ ဆိုပါတယ်။


“မီးဖွားသူကို ကူလုပ်ပေးနေတဲ့ အမျိုးသမီးကိုလည်း ငွေတောင်းတာ ပေးတာနည်းလို့ဆိုပြီး ရိုက်လို့ ခြောက်ချက်ချုပ်လိုက်ရတယ်၊ ရွာထဲက ဆိတ်တွေကိုလည်းသတ်ပြီး ချက်စားသွားတယ်” လို့ လေးပင်ရွာသားတဦးက ပြောပါတယ်။
ဩဂုတ်လ ၁၈ ရက်နေ့ မနက်ပိုင်းမှာတော့ မလှိုင်မြို့နယ်ထဲက မိတ်ကုန်းရွာကို ဝင်ရောက်ပြီး နေအိမ် ၇ လုံးကို မီးရှို့ကာ ကျေးရွာအတွင်းမှာရပ်ထားတဲ့ တောင်ရိုးတဲ ရွာသားတဦးပိုင်တဲ့ ဖောကား ၁ စီးကို ယူဆောင်သွားတာဖြစ်ပါတယ်။



သြဂုတ်လ ၁၉ ရက်နေ့မှာတော့ မလှိုင်မြို့နယ် မုံပင်ရွာက ပြည်သူ့နေအိမ် ၂ လုံး၊ ကျောက်တန်းရွာအနီး တောတိုက်(လယ်တော)က တဲအိမ် ၄ လုံးအပါ ကျောက်တန်းရွာက နေအိမ် ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် စစ်ကောင်စီစစ်ကြောင်း ညအိပ်နားတဲ့ မိတ်ကုန်းရွာကနေ လက်နက်ကြီးတွေနဲ့ ပစ်လို့ ကျောက်တန်းရွာလယ် ဘုန်းတော်ကြီးကျောင်းက စေတီတဆူကိုလည်း ကျည်ထိမှန်ခဲ့ကြောင်း မလှိုင်လူထုသတင်းကွန်ယက်က ဓါတ်ပုံနဲ့ တကွဖော်ပြထားပါတယ်။
အဲ့ဒီနေ့မှာပဲ တောင်ရိုးတဲနဲ့ လယ်ဗျားရွာက နေအိမ် ၆ လုံးကိုလည်း မီးရှို့ပြီး ဒေသခံတွေကို သေနတ်နဲ့ပစ်သတ်မယ်လို့ ခြိမ်းခြောက်ကာ ရွှေ၊ ငွေ၊ ဆိုင်ကယ်နဲ့ ဖုန်းတွေကို လုယူခဲ့သလို ပုပ္ပါးတောင်ခြေရင်းက ဖိုးကြွယ်ရွာကိုလည်း အလားတူခြိမ်းခြောက်ပြီး ရွှေ ၊ ငွေနဲ့ အဖိုးတန်ပစ္စည်းတွေ ယူသွားတယ်လို့ ဆိုပါတယ်။
မြေလတ်အသံ သတင်းဌာနက ရရှိထားတဲ့ အချက်အလက်တွေဟာ ဒေသခံတွေဆီက လက်လှမ်းမီသလောက် စုံစမ်းမေးမြန်ထားတဲ့ အချက်အလက်တွေသာဖြစ်ပြီး လက်တွေ့ မြေမြင်မှာ ဒီထက်ပိုပြီး ပျက်စီးဆုံးရှုံးမှု များနိုင်ပါတယ်။
အဲဒီစစ်ကြောင်းဟာ မလှိုင်မြို့ထဲကို ပြန်ဝင်သွားတဲ့အတွက် ကျောက်ပန်းတောင်းနဲ့ မလှိုင်မြို့နယ်က မီးဘေးသင့်ပြည်သူတွေနဲ့ စစ်ရှောင်သူတွေဟာ ကျေးရွာတွေအတွင်းကို ပြန်လည်ဝင်ရောက် နေထိုင်နေကြပြီး၊ ကျောက်ပန်းတောင်းမြို့နယ်ဘက်မှာလည်း လက်တလော စစ်ကြောင်းထိုးတာတွေ ရပ်နားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သတင်း – သော်တာအောင်