မြေလတ်အသံ၊ ဒီဇင်ဘာ ၆၊ ၂၀၂၅။
ပဲခူးတိုင်း၊ ဖြူးမြို့နယ်တိုက်ပွဲအတွင်းမှာ အရှင်ဖမ်းမိတဲ့ တပ်ကြပ်ကြီးဟောင်းနဲ့ စစ်ကော်မရှင်တပ်သား ၁ ဦးတို့ကို ထွက်ပြေးချိန်ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ ဖြူးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
ဒီဇင်ဘာ ၄ ရက်မနက် ၁၀ နာရီကျော်က ဖြူးမြို့နယ်၊ ဇေယျဝတီမြို့အရှေ့တောင်ဘက် ကြပ်ကွင်းကျေးရွာရဲ့ တာဝါတိုင်အနီးမှာ စစ်ကော်မရှင်တပ်သားတွေနဲ့ ကင်းလှည့်ထွက်တဲ့ ပကဖ တပ်ဖွဲ့ဝင်တွေ နာရီဝက်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပြီးနောက်မှာ စစ်ကော်မရှင်တပ်သား ၂ ဦးကိုဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

“မြင်လိုက်တာက ၄ ယောက်ပါ။ သူတို့ကိုပစ်နေတုန်း နောက်ကသူတွေက ပြေးကုန်တယ်။ သူတို့(စကမ) ၄ ယောက်ကိုမြင်လို့ ပစ်တဲ့အချိန်မှာဖမ်းမိတာပါ။ သူတို့ကလုပြီး အတူထွက်ပြေးတော့ ပစ်ခတ်လိုက်ရတာပါ။ သူတို့ကအမြဲ လာပစ်နေသူတွေပါ” လို့ ဖြူးမြို့နယ်ပကဖမှတာဝန်ရှိသူတဦးက ပြောပါတယ်။
ဖမ်းမိသူ ၂ ဦးမှာ ခမရ ၃၀၆ ကနေတပ်ကြပ်ကြီးရာထူးနဲ့ပင်စင်ယူထားသူ ကြည်တင်နဲ့ မြင့်ကြည်တို့ဖြစ်ပြီး ကပဖစခန်းကိုခေါ်ဆောင်သွားပြီးနောက် ကော်ကုလားထိုင်နှစ်လုံးပေါ်မှာ ထိုင်ခိုင်းပြီးစစ်ဆေးမေးမြန်းနေချိန် ဖြူးမြို့နယ်ပကဖ တပ်စုမှူးဆီကနေပစ္စတိုသေနတ်ကို လုယူထွက်ပြေးတဲ့အတွက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

တင်ကြည်ဟာ အာဏာသိမ်းပြီးချိန်မှစတင်ကာ စစ်ကော်မရှင်တပ်နဲ့ ပြန်လည်ပူးပေါင်းပြီး ဖြူးမြို့နယ် အတွင်းရှိ တံခွန်တိုင်ဂိတ်၊ ဆားဂွန်းဂိတ်တို့မှာအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားသူ ဖြစ်တယ်လို့လည်း စစ်ဆေးမှုလုပ်ခဲ့ချိန်ထွက်ဆိုခဲ့တယ်လို့ အထက်ပါတာဝန်ရှိသူကပြောပါတယ်။
အထက်ပါတိုက်ပွဲအတွင်းမှာလည်း G-3 ၁ လက်၊ G-4 ၁ လက်၊ ကျည်ဘောက် ၅ ခု၊ ကျည် ၁၅ တောင့်တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နိုဝင်ဘာ ၁၇ ရက်ကလည်း ဖြူးမြို့နယ်၊ ညောင်ပင်သာရွာကနေ ကင်းလှည့်ထွက်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃၀ ဦးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကော်မရှင်တပ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
စာတည်း – လင်း








